ဝိတ်ချဖို့အတွက် ကြိုးစား လူအများစုက diet လုပ်ကြတယ်။ သူတို့စားမယ့် အစားအစာထဲမှာ ဘာတွေပါရမလဲဆိုတာကို ရွေးချယ်စားသုံးကြတယ်။ ဒါကလည်း ကျန်းမာရေးအတွက် ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် လူအများစုက အစားစားချိန်မှန်ဖို့ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို သတိမထားမိကြဘူး။ အချိန်မှန်မှန် အစားစားခြင်းဟာ ဝိတ်ချဖို့ကြိုးစားနေသူတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ အစားစားချိန်မမှန်ခြင်းက ဝိတ်ချဖို့အတွက် အခက်အခဲဖြစ်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီနေ့ kwee page က အချိန်မှန်မှန် အစားစားဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာကို ပြောပြပေးသွားမှာပါ။
အရွယ်ရောက်ပြီးတဲ့သူတိုင်း တစ်နေ့ကို ထမင်း (၃) နပ်စားပေးဖို့လိုအပ်ပါတယ်။ တစ်ကြိမ်ထဲ အစားအများကြီးမစားနိုင်ကြတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ အကြိမ်ရေများများနဲ့ နည်းနည်းချင်းစီစားပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိမှာပါ။ အစားစားချိန်မမှန်ပါက ခန္ဓာကိုယ်မှာ အသေးစားထိခိုက်မှုတွေရော ကြီးကြီးမားမားထိခိုက်မှုတွေပါ ရှိလာနိုင်ပါတယ်။ အစားအစားချိန်မမှန်ဘူးဆိုရင် အဝလွန်တာ၊ အစာမကြေတာ၊ အစာအိမ်ပြဿနာဖြစ်တာ၊ လေအောင့်တာ စသဖြင့် အကျိုးဆက်များစွာ ရရှိခံစားရနိုင်ပါတယ်။
မနက်စာ

Source: Food-Business-News
ပထမဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့ မနက်စာမစားပဲ မနေဖို့ပါပဲ။ အကယ်၍ မစားဘဲနေနိုင်တယ်ဆိုရင်တောင် နေ့လည်နေ့ခင်း ထမင်းစားချိန်ရောက်ရင် ပုံမှန်ထက် ပိုပြီးဗိုက်ဆာလာတက်ပါတယ်။ ဗိုက်အရမ်းဆာနေရင် ပုံမှန်ထက် များများစားတာ မြန်မြန်စားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လိုအပ်တာထက်ပိုစားတာ မြန်မြန်စားတာတွေက သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အချက်မဟုတ်ပါဘူး။ တစ်နေ့တာ ခွန်အားအပြည့်နဲ့ လှုပ်ရှားသွားလာချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို မနက်ခင်းပိုင်းမှာ အပြည့်ဖြည့်ထားဖို့ လိုအပ်ပါတယ်။ မနက်စာကို အိပ်ရာကနေ နိုးပြီး နာရီဝက်အတွင်းမှာ စားတာအကောင်းဆုံးပါ။ တကယ်လို့ အိပ်ရာနိုးနိုးချင်း မစားဖြစ်သေးဘူးဆိုရင် မနက် ၉ နာရီမကျော်ခင် စားဖြစ်အောင်စားပါ။
နေ့လည်စာ

Source: Unlock Food
နေ့လည်စာဟာလည်း မနက်စာလိုပါပဲ အရေးကြီးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နေ့လည်စာစားဖို့ နောက်ကျနေတယ်ဆိုရင်တောင် (၃) နာရီထက် နောက်မကျပါစေနဲ့။ နေ့လည်စာနောက်ကျလေလေ ညနေစာ စားချိန်နောက်ကျပြီး အိပ်စက်မှုကို ထိခိုက်စေလေလေပါ။ နောက်တစ်ချက်က နေ့လည်စာကို မနက်စာနဲ့ ၄ နာရီ အကွာမှာစားပေးသင့်ပါတယ်။
ညစာ

Source: PureWow
တစ်နေ့တာရဲ့ နောက်ဆုံးထမင်းစားခြင်းပါ။ ညစာကို လည်းအချိန်မှန်စားပေးဖို့ လိုအပ်ပါတယ်။ ညစာကို ဘယ်အချိန်စားပေးရမယ်ဆိုပြီး သက်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် အိပ်ယာမဝင်ခင် (၃) နာရီအလိုမှာနောက်ဆုံးထားပြီး စားပေးဖို့တော့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ညစာစားဖို့အကောင်းဆုံး အချိန်ကတော့ ညနေခင်း (၆) နာရီနဲ့ (၈) နာရီကြားပဲဖြစ်ပါတယ်။ ညစာစားပြီးပြီဆိုရင် အစာပြေမုန့်တွေနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေ မစားပေးပါနဲ့။
