တချို့သူတွေ ကြားဖူးကြမှာပါ။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ပျမ်းမျှ လူ့သက်တမ်းအရှည်ဆုံးနိုင်ငံ ၊ အဝလွန်ရောဂါအဖြစ်နှုန်း အနည်းဆုံးနိုင်ငံဆိုတဲ့အချက်ပါပဲ။ ဂျပန်နိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် အသက် ၈၃.၇ နှစ် ရှည်ပြီး အဝလွန်မှုဖြစ်ပွားတဲ့နှုန်းဟာ ၃.၆% ပဲ ရှိပါတယ်။

အသက် ၂၀ ကနေ အသက် ၆၀ အကြား ဂျပန်နိုင်ငံသား အယောက် ၁၀၀၀ ကို လေ့လာခဲ့တဲ့ Rakuten ရဲ့ စစ်တမ်းက ထူးခြားပါတယ်။ ဂျပန်နိုင်ငံသားတွေ အခုလို ကျန်းမာအသက်ရှည်ကြတယ်ဆိုပေမယ့် စစ်တမ်းမှာ ဝင်ဖြေခဲ့သူရဲ့ ၅၅% ဟာ တစ်လနေလို့ တစ်ကြိမ်တောင် အားကစားမလုပ်ဖူးဘူးလို့ ဆိုပါတယ်။ အားကစားလုံးဝမလုပ်တဲ့လူတောင် ရှိပါတယ်။ ဒီအချက်က ဂျပန်နိုင်ငံသားတွေရဲ့ထူးခြားတဲ့ကျန်းမာရေး လျှိူ့ဝှက်ချက်ကို ဖော်ပြနေပါတယ်။

Japanese people crossing the road

Photo: Shutterstock

အားကစားမလုပ်ဘဲ Gym တောင် မသွားဘဲနဲ့ ဘယ်လို ကျန်းမာနေသလဲလို့ မေးရင် လူနေမှုပုံစံကြောင့်လို့ပဲ ပြောရပါမယ်။ ဆေးဝါးထက် အားကစားက လူကို ကျန်းမာအောင် ပိုအထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့ အားကစားဆိုတာ ကိုယ့်ရဲ့ Lifestyle တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံးနိုင်ငံသားတွေ ဖြစ်တဲ့ ဂျပန်တွေဟာ Gym သွားတာ ၊ ဝိတ်မတာထက် ပိုကောင်းတဲ့ အားကစားတစ်မျိုးကို နေ့တိုင်း လုပ်ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒါကတော့ လမ်းလျှောက်တာပါပဲ။ ပျမ်းမျှအားဖြင့် သက်ကြီးပိုင်း ဂျပန်နိုင်ငံသားတွေဟာ တစ်ရက်ကို ပျမ်းမျှ ခြေလှမ်းပေါင်း ၆၅၀၀ လျှောက်လေ့ရှိပါတယ်။ အသက် ၂၀ ကနေ အသက် ၅၀ ပတ်လည်အရွယ် အမျိုးသားတွေဟာ တစ်ရက်ကို ခြေလှမ်း ၈၀၀၀ ပုံမှန်လျှောက်ကြပြီး အမျိုးသမီးတွေကတော့ တစ်ရက်ကို ခြေလှမ်း ၇၀၀၀ နီးပါး လျှောက်လေ့ရှိတယ်လို့လည်း စစ်တမ်းက ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ ကျေးလက်ပိုင်းလို့ ခေါ်ရမယ့် နာဂါနိုဒေသမှာ သွေးတိုးလေဖြတ်နှုန်း ကျဆင်းမှုကို ကြောင်းရေ ၁၀၀ ကျော် လမ်းလျှောက်မှု လုပ်စေပြီး လျှော့ချတဲ့စနစ် သုံးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နာဂါနိုမြို့ မတ်စုမိုတို မြို့တော်ဝန် အာကီရာ ဆူဂဲနိုယာက “ပထမဆုံးအချက် ကျွန်တော်တို့လုပ်ချင်ခဲ့တာက လူတွေကို လမ်းလျှောက်စေချင်တာပါပဲ။ ဒါက လူတိုင်းလည်း လုပ်နိုင်တယ်လေ။ လမ်းလျှောက်မယ် ၊ စကားပြောမယ်၊ အားကစားလည်း လုပ်ပြီးသားဖြစ်စေမယ်။ နောက်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ဆက်သွယ်တဲ့စိတ်လည်း ဖြစ်သွားမယ်” လို့ ပြောပါတယ်။

အခုဆို ဂျပန်နိုင်ငံမှာ လူတိုင်း လမ်းလျှောက်နိုင်ဖို့ မြို့ကြီးတွေမှာလည်း နေရာပေးထားပါတယ်။ ဂျပန်နိုင်ငံမှာ အများပြည်သူ ပို့ဆောင်ရေးဝန်ဆောင်မှုတွေဟာ ဘေးကင်း စိတ်ချရပြီး သက်တောင့်သက်သာရှိသလို မိသားစုအတော်များများဟာ ကိုယ်ပိုင်ကားတွေ ရှိကြပေမယ့် လူတွေကတော့ ကျောင်းသွားရင် ၊ အလုပ်သွားရင် လမ်းပဲ လျှောက်သွားလေ့ရှိကြပါတယ်။ လမ်းလျှောက်ခြင်းဟာ အသက်ရှုတာလိုပဲ သူတို့ရဲ့ နိစ္စဒူဝလုပ်ဆောင်မှုတစ်ခုဖြစ်နေကြပါတယ်။

How Japanese people stay active and healthy until old age

Photo: fun-japan

လမ်းလျှောက်ခြင်းဟာ ကိုယ်အလေးချိန် ကျန်းမာညီညွတ်အောင် ထိန်းနိုင်ပါတယ်။ လူကို ပေါ့ပါး သွက်လက်ပြီး သွေးထဲ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ ပို့ဆောင်နိုင်ပါတယ်။ စိတ်လက်ကြည်လင်ပြီး ပျော်ရွှင်စေပါတယ်။ အသက်အရွယ်မရွေး ဘယ်သူမဆို အလွယ်တကူလုပ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဖြစ်ပြီး ဆရာဝန်တိုင်း ထောက်ခံချက်ပေးထားပါတယ်။ ဒါကြောင့် ကျန်းမာချင်ပေမယ့် Gym မသွားနိုင်ရင် လမ်းလျှောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါလို့ တိုက်တွန်းချင်ပါတယ်။