သင် ရွေးချယ်ထားတဲ့ အလုပ်လမ်းကြောင်းက အောင်မြင်တဲ့ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုဖြစ်နေပြီလား။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အောင်မြင်မှုကို အဓိပ္ပာယ်ဖွဲ့ဆိုပုံချင်း မတူညီကြပါဘူး။ အချို့ယောကျာ်းများအတွက်တော့ အောင်မြင်တဲ့အလုပ်ဆိုတာ သူ့ရဲ့နာမည်ကျော်ကြားမှုပေါ် မူတည်ပြီး အချို့ယောကျာ်းများအတွက်တော့ လုပ်ငန်းခွင်စိတ်ဖိစီးမှု မရှိဘဲ ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နိုင်ခြင်းကို အောင်မြင်ပျော်ရွှင်တဲ့အလုပ်လို့ သတ်မှတ်ကြပါတယ်။

မိမိရွေးချယ်လိုက်တဲ့ Career လမ်းကြောင်းပေါ်မှာ အောင်မြင်ပျော်ရွှင်ရအောင် ဘယ်လိုကျင့်ကြံရမလဲ။

သေသေချာချာရွေးချယ်ပါ

man choosing paths; successful lifestyle

Photo Source: Intelligenthq.com

အလုပ်အင်တာဗျူး သွားမဖြေခင်မှာ “ဒီအလုပ်ကို တစ်နေကုန် တစ်နေခမ်း၊ နေ့စဉ်နေ့တိုင်း၊ နှစ်ပေါင်းများစွာကြာအောင် လုပ်နိုင်ရဲ့လား” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ သင် ရွေးချယ်လိုက်တဲ့အလုပ်က သင့်ရဲ့စိတ်နေစိတ်ထား၊ စိတ်ဝင်စားမှု၊ ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်ကိုသာ ရွေးချယ်သင့်ပါတယ်။

ကိုယ့်ဘဝကို အခြားသူတစ်ယောက်က အဆုံးအဖြတ်မပေးပါစေနဲ့

 

friends talking; keys to successful lifestyle

Photo Source: iStock.com

ဒီအလုပ်သည် သင် နှစ်ရှည်လများ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ အခြားသူတစ်ယောက်က “ဒီအလုပ်ရဲ့လစာက မက်လောက်စရာကြီး၊ စမ်းလုပ်ကြည့်ပါလား။” “အလုပ်ကို စိတ်မဝင်စားရင်တောင်မှ လစာအများကြီးရနေတာပဲ” “နင့်ပုံစံနဲ့ဆို ဒီအလုပ်က ကွက်တိပဲ” စသည်ဖြင့် ပြောလာခဲ့သည်ရှိသော် နားမယောင်လိုက်ပါနဲ့။ သူတို့က ကောင်းတဲ့စိတ်နဲ့ ပြောတယ်ဆိုရင်တောင်မှ သင့်ဘဝ၊ သင့်အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်တတ်ရပါမယ်။

မိမိရဲ့အောင်မြင်မှုကို ကိုယ့်ပေတံနှင့်သာ တိုင်းတာပါ

man standing; the key to successful lifestyle

Photo Source: Kellyservices.com

လူတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုပေါ်မူတည်ပြီးတော့ အောင်မြင်တဲ့အချိန်သည်လည်း ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ့်သူငယ်ချင်းက အောင်မြင်နေချိန်မှာ ကိုယ်က မအောင်မြင်သေးပါလားဆိုပြီး စိတ်ညစ်နေစရာမလိုပါဘူး။ သင့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုကို ကိုယ့်ကိုယ်ပိုင်ပေတံနဲ့သာ တိုင်းတာရမှာဖြစ်ပါတယ်။ မိမိအလုပ်အတွက် ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ထားပြီး ထိုပန်းတိုင်ဆီ အရောက်လှမ်းနိုင်အောင် ကြိုးစားနိုင်တဲ့အခါ သင့်ကိုယ်သင် စိတ်ကျေနပ်လာပါလိမ့်မယ်။

အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့

colleagues discuss; successful lifestyle

Photo Source: Simplilearn.com

အတွေ့အကြုံသည် ဆရာသမားကောင်းတစ်ယောက်ဖြစ်ပြီး ထိုအတွေ့အကြုံကနေ အသိဉာဏ်များ တိုးပွားလာမှာဖြစ်ပါတယ်။ အလုပ်လုပ်နေရင်းနဲ့ မသိနားမလည်တာတစ်ခုခု ရှိလာခဲ့သော် မိမိရဲ့စီနီယာများကို မေးမြန်းကာ အကူအညီတောင်းကြည့်ပါ။ သင့်စီနီယာများသည် သင့်ထက် အတွေ့အကြုံပိုများတဲ့အတွက်ကြောင့် သင့်ကို ဘယ်လိုလမ်းပြရမလဲဆိုတာ သိကြပါတယ်။ လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းနိုင်ဖို့ရန်အတွက် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များ၊ စီနီယာများနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

ဒီအချက်များကို သေချာလိုက်နာပြီး သင် ကိုယ်တိုင်လည်း ကြိုးစားမယ်ဆိုရင်တော့ အောင်မြင်ပျော်ရွှင်ရတဲ့ ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။

Source: Thebalancecareers.com