မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အက်စတန် ဗီလာနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်လူငယ်ကစားသမားတွေကို ခရစ္စတီယာနို ရော်နယ်လ်ရဲ့ ဦးဆောင်မှုအတိုင်း လိုက်ပါကြဖို့ တောင်းဆိုခဲ့ပါတယ်။

Emi Martinez error which lead to Manchester United's opening

Photo: Skysport

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်း ၆ မိနစ်မှာပဲ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်သွင်းချက်ကို မာတီနက်ဇ် ကာကွယ်ရာမှာ မသေသပ်ခဲ့တာကြောင့် ဂိုးထဲဝင်သွားခဲ့တဲ့အတွက် ဗီလာ ပါ့ခ်မှာ အနိုင် ၃ မှတ် ရယူဖို့အတွက် စိတ်အားတက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဧည့်သည် မန်ယူနိုက်တက်ဟာ ဒုတိယပိုင်း အလယ်မှာ ဖာနန်ဒက်စ်ရဲ့ နောက်ထပ် သွင်းယူခဲ့တဲ့ ဂိုးကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ခဏအကြာမှာ ကော်တင်ညို လူစားဝင်ကစားခဲ့မှုက ပွဲကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ အက်စတန် ဗီလာအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက် ပွဲစဉ်မှာပဲ ဂျေကော့ဘ် ရမ်းဆေးရဲ့ ချေပဂိုးမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို ၈၁ မိနစ်မှာ တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကိုလည်း ကိုယ်တိုင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စတီဗင် ဂျရတ်ရဲ့အသင်းဟာ ၃ ပွဲဆက် ရှုံးနိမ့်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကစားသမားတွေကတော့ ပွဲပြီးဝီစီမှုတ်ချိန်မှာ ပရီးမီးယားလိဂ်ထိပ်ဆုံးလေးနေရာအတွက် ပြိုင်ပွဲမှာ ပိုအားလျော့လာခဲ့ပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။

Bruno Fernandes celebrated

Photo: Telegraph

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အက်စတန် ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်ကို ပွဲပြီးသုံးသပ်မှုတွေ ပြုလုပ်ရာမှာ ယူနိုက်တက်လူငယ်ကစားသမားတွေဟာ အသက်အရွယ်ရော အတွေ့အကြုံပါ ပိုမိုရင့်ကျက်တဲ့ ကစားသမားတွေဆီကနေ အကြံဉာဏ်ပေးမှုကို လိုက်နာမှုမရှိဘူးဆိုတဲ့ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးကို ရည်ညွှန်းပြီး အသင်းရဲ့ ထုံးတမ်းစဉ်လာမှာ တစ်စုံတရာ ပျောက်ဆုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“တကယ်လို့ ရော်နယ်လ်ဒိုက ထောက်ပြရင် ဘယ်ကစားသမားမှ ပြဿနာရှိသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျား သူတို့ကို မျက်နှာချင်းဆိုင် ပြောနိုင်တယ်ဆိုတာ သိသာပေမယ့် တစ်ခါတရံမှာ ခင်ဗျား အဲဒါကို မီဒီယာကနေတဆင့် ပြောရမှာပါ။ ဒါပေမယ့် ခင်ဗျား ဒီလူငယ်ကစားသမားတွေက ရော်နယ်လ်ဒိုနဲ့ စီနီယာကစားသမားအချို့ကို ကြည့်နေမယ်လို့ ခင်ဗျား မျှော်လင့်မိမှာပါ။ ဘယ်လိုအသင်းမျိုးမဆို ကျွန်တော် ပြောတဲ့ စကားလုံးက အထူးသဖြင့် အသင်းကြီးတစ်သင်းကိုဆိုရင် ထုံးတမ်းစဉ်လာက ဘာလဲ၊ လေ့ကျင့်ရေးကွင်းမှာ ဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာပါ”

Marcus Rashford

Photo: The Guardian

“ဒီလူငယ်ကစားသမားတွေ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့က စီနီယာကစားသမားအချို့ကို ကြည့်နေတုန်းလား။ ခင်ဗျားက စီနီယာ ကစားသမားတွေက ဥပမာကောင်းတွေ လုပ်ပြမယ်လို့ မျှော်လင့်နေတာပါ။ သူတို့အားလုံး အဲဒီလို ကြည့်မနေတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီလူငယ်ကစားသမားတွေထဲက အချို့က အဲဒီလိုကြည့်ပြီးနောက်မှာ နည်းနည်းလောက် ပိုလုပ်ဖို့အတွက် အရမ်းမလျင်မြန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီဟာတွေက ခင်ဗျား တိုးတက်အောင်လုပ်ရမယ့် ကိစ္စတွေပဲ။ မန်ချက်စတာယူနိုက်တက်အသင်းက ထုံးတမ်းစဉ်လာက လေ့ကျင့်ရေးမြန်နှုန်း၊ အရှိန်အနိမ့်အမြင့်၊ လူတွေရဲ့ ခံယူချက်၊ ဝန်ထမ်းတွေကို စကားပြောတဲ့ပုံစံနဲ့ပတ်သက်ရင် မမှန်ခဲ့ဘူးဆိုရင် ခင်ဗျား အဲဒါကို သတိပြုရတော့မှာပါ”

“ကျွန်တော့်အတွက်တော့ မန်ချက်စတာယူနိုက်တက်မှာ တစ်စုံတရာ ပျောက်ဆုံးနေပြီး လွဲမှားနေတဲ့အရာတွေလည်း အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ ဆန်ချိုအကြောင်း ပြောကြတယ်။ ရက်ရှ်ဖို့ဒ်က ဘာဖြစ်သွားခဲ့တာလဲ။ မန်ချက်စတာယူနိုက်တက်က အဲဒီကိစ္စကို အတွင်းကျကျသိအောင် လုပ်ရမှာပါ။ အဲဒါက ခင်ဗျား တော်ပြီး ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ တာဝန်ယူရမယ့်အစိတ်အပိုင်းတစ်ခုပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro