ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝမှာ ဆုဖလားအားလုံးနီးပါး ရယူထားနိုင်ခဲ့ပြီဖြစ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝအနားယူပြီးနောက်ပိုင်း ကိုယ်ပိုင်ဘဝအတွက် စီးပွားရေးလုပ်ငန်းတွေကိုလည်း စီမံခန့်ခွဲနေသူ ဖြစ်ပါတယ်။

Lionel Messi

Photo: Marca

လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ MIM ဟိုတယ်လုပ်ငန်းစုထဲမှာ နောက်ထပ် ဟိုတယ်တစ်ခုကို ထပ်မံ ထည့်သွင်းခဲ့တယ်လို့ သိရပြီး အဲဒီဟိုတယ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက Majestic Hotel Group ကနေ လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအတွက် ဒီဟိုတယ်ဟာ ၆ လုံးမြောက် ဟိုတယ်ဖြစ်လာခဲ့ပြီး စပိန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း ကဒစ်ဇ်မြို့က Puerto Deportivo de Sotogrande မှာ တည်ရှိတာဖြစ်ပါတယ်။

မက်ဆီရဲ့ ဟိုတယ်လုပ်ငန်းစုဟာ ခရီးသွားတွေကို ဂေါက်၊ ပိုလိုနဲ့ အဏ္ဏဝါအားကစား ချစ်သူတွေအတွက် နေရာအဖြစ် ကိုယ်စားပြုပြီး အဆင့်မြင့်ဟိုတယ်ကဏ္ဍအပေါ် အာရုံစိုက် ဆက်လက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မက်ဆီပိုင်ဆိုင်တဲ့ ဟိုတယ်အုပ်စုထဲက ဟိုတယ်တွေအားလုံးဟာ ရေရှည်တည်တံ့တဲ့ အဆောက်အဦးများဖြစ်ကြောင်း US Green Building Council ဆီကရော LEED (Leadership in Energy and Environmental Design) ဆီကပါ ထောက်ခံချက်တွေ ရရှိထားတာဖြစ်ပါတယ်။

MIM Sotogrande Club Marítimo

Photo: Marca

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ Hotel MIM Sitges၊ Hotel MIM Ibiza၊ Hotel MIM Mallorca၊ Hotel MIM Baqueira၊ Hotel MIM Andorra တို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လက်ရှိနောက်ဆုံးဟိုတယ်ဖြစ်တဲ့ MIM Sotogrande Club Marítimo ကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

MIM Sotogrande Club Marítimo ဟိုတယ်မှာ ကျယ်ဝန်းပြီး ခေတ်မီလှပတဲ့ အခန်းပေါင်း ၄၅ ခန်း ပါဝင်မှာဖြစ်ပြီး အပြင်ဘက် လေဟာပြင်မှာ ညစာစားသောက်နိုင်တဲ့ စားသောက်ဆိုင် ၂ ဆိုင်နဲ့ spa လည်း ပါဝင်တယ်လို့ သိရပါတယ်။

Featured Photo: Diez.hn