ကိုယ် သိပ်ကြည့်ချင်နေတဲ့ ဇာတ်ကားတစ်ကားကို ကြည့်ရဖို့ မျှော်လင့်ရတဲ့ ခံစားချက်မျိုးလောက် ပြင်းထန်တဲ့ စောင့်စားမှုမျှော်လင့်မှုမျိုးက ရှားပါတယ်။ ဒါကို ရုပ်ရှင်ချစ်ပရိသတ်တွေအချင်းချင်းပဲ နားလည်နိုင်မယ်လို့ ထင်ပါတယ်။ အမှန်အတိုင်း ပြောရရင် ပြီးခဲ့တဲ့နှစ်က Covid-19 ကြောင့် ထွက်လာမယ်လို့ တစ်ပေးခံထားရတဲ့ ကားကောင်းတွေလည်း ထွက်မလာနိုင်ခဲ့တော့ ၂၀၂၁ မှာ အမိုက်စားရုပ်ရှင်ကားတွေ ကြည့်ရမယ်လို့ အားလုံးက အားခဲနေကြတာ ဖြစ်ပါတယ်။
အခုကိုပဲ Black Widow တို့ No Time To Die ၊ Dune တို့လို ကားကောင်းတွေကို Movie Streaming ပလက်ဖောင်းတွေက လွှင့်တင်ပြသနေပြီ ဖြစ်ပါတယ်။ လက်ကျန် နောက်နှစ်လအတွင်းမှာ ဘယ်ရုပ်ရှင်ကားကောင်းတွေ ထွက်လာဦးမလဲ သေချာမသိရသေးပေမယ့် အခုပြောမယ့်ရုပ်ရှင်ကားတွေ ရုံတင်နိုင်ဖို့ကိုလည်း မျှော်လင့်ရပါတယ်။ ကဲ ဒီနှစ်ထဲမှာ ထွက်ဖို့ ရုပ်ရှင်ချစ်သူအများစု မျှော်လင့်နေကြတဲ့ ရုပ်ရှင်ကားတွေက ဘာတွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) The Tragedy Of Macbeth

Photo: Variety
ကမ္ဘာကျော် ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ပြဇာတ်ကို အော်စကာဆုရှင် ဒန်ဇဲလ်ဝါရှင်တန် သရုပ်ဆောင်ထားတဲ့ The Tragedy of Macbeth ကားလည်း ဒီနှစ်ထွက်ဖို့ မှန်းထားပါတယ်။ မကြေညာရသေး TBA အဆင့်ဖြစ်လို့ မျှော်ရတဲ့အဆင့်ပဲ ရှိပါတယ်။ ဒီဇင်ဘာမှာ ထွက်မယ်လို့ သတင်းတွေ ပြေးနေတဲ့ ဒီရုပ်ရှင်ဟာ စုန်းမသုံးယောက်ဆီက နိမိတ်စကားရပြီးနောက် စကော့တလန်သရဖူကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ မက်စ်ဘက်ဇာတ်ကြောင်းဖြစ်ပါတယ်။ ဖရန့်စ်မက်စ်ဒေါ်မန်က လေဒီမက်စ်ဘက်အဖြစ် သရုပ်ဆောင်ပြီး ဘရန်ဒန် ဂလီးဆန်က ဒွန်ကန်ဘရန်အဖြစ် ၊ ကော်ရီဟောကင်းက မက်စ်ဒက်ဖ်အဖြစ် သရုပ်ဆောင်သွားဖို့ ရှိပါတယ်။
(၂) Sing 2

Photo: Variety
တိရစ္ဆာန် Animation ကားတွေထဲမှာ ၂၀၁၆ တုန်းက ထွက်ခဲ့တဲ့ Sing လည်း အတော်ပေါက်ပါတယ်။ အခုနှစ် ဒီဇင်ဘာ တတိယပတ်ထဲမှာ Sing 2 ရုံတင်မယ်လို့ သတင်းတွေ ထွက်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ စကားလက် ဂျိုဟန်ဆန် ၊ မက်သရူး မက်စ်ကွန်နော့ဟေး ၊ ရိစ်ဝစ်သာစပွန်း ၊ တာရွန် အဂ္ဂါတန် ၊ နစ်ခ် ခရိုး ၊ ဆက်သ် မက်စဖာလိန်း ၊ တော်ရို ကယ်လီ ၊ ဂျွန်စီ ရေးလီ ၊ နစ်ခ်အော့ဖါမန်း ၊ ဂျက်နဖီဟက်ဒ်ဆန် စတဲ့ သရုပ်ဆောင်တွေက နောက်ခံသရုပ်ဆောင်အဖြစ် အားကောင်းကောင်းနဲ့ သရုပ်ဆောင်သွားပါလိမ့်မယ်။
(၃) The Matrix 4

Photo: Variety
Matrix Triology အကုန်လုံး ကမ္ဘာကျော်ခဲ့ပါတယ်။ ကီနူးရိဗစ်ကို လူသိများစေခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ဒီနှစ် ဒီဇင်ဘာတတိယပတ် ခရစ္စမတ်ကာလမှာ The Matrix 4 ရုံတင်မယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် The Matrix ရုပ်ရှင်သစ်ကို ကြည့်ရမယ့်ခံစားချက်ကလည်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်နေမှာ အမှန်ပါပဲ။
(၄) Spider-Man : No Way Home

Photo: Variety
တွမ်ဟော်လန်သရုပ်ဆောင်ထားတဲ့ စပိုက်ဒါမန်းဇာတ်ကားသစ်ကလည်း စပိုက်ဒါမန်း Fan တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ အရင် တိုဘေးမက်ကွိုင်းယားသရုပ်ဆောင်ခဲ့တဲ့ Spider-Man 2 ထဲက Doctor Octopus နဲ့ Amazing Spider-Man 2 ထဲက Electro တွေလည်း ဒီကားမှာ ပြန်ပါလာမှာပါ။ စူပါဟီးရိုးကားကို နှစ်ခြိုက်သူတွေ ရင်ခုန်ရမယ့်ကားတစ်ကားဖြစ်မှာပါ။ ရုံတင်ရက်ကတော့ ဒီဇင်ဘာ ၁၇ လို့ ပြောနေကြပါတယ်။
(၅) Don’t Look Up

Photo: Variety
လီယိုနာဒို ဒီကာပရီယို ကားတွေ မကြည့်ရတာ ကြာပြီဖြစ်လို့ ဒီရုပ်ရှင်ကိုလည်း ကြည့်ဖို့ စောင့်နေကြသူတွေ အများကြီး ရှိပါလိမ့်မယ်။ Don’t Look Up က အငယ်တန်း နက္ခတ်ပညာရှင်နှစ်ဦး မီဒီယာ tour ကြီးတစ်ခုမှာ သွားပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ချဉ်းကပ်လာတဲ့ ဥက္ကာခဲကြီးအကြောင်း သတိပေးရမယ့်ရုပ်ရှင်ကားပါ။ လီယိုနာဒိုနဲ့အတူ ဂျနီဖာလောရင့်စ် ၊ ကိတ်ဘလန့်ချက် ၊ တင်မိုတီ ချာလာမက် စတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေလည်း အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Featured Photo: morningpicker
