စာလုံးသုံးလုံးပဲ ပါပေမယ့် အဓိပ္ပါယ် ၆၄၅ မျိုးထွက်တဲ့ အင်္ဂလိပ်စကားလုံးတစ်လုံး ရှိပါတယ်။ အဘိဓါန်တွေ အမျိုးမျိုး ကွဲပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အဓိပ္ပါယ်အမျိုးကွဲ ရာနဲ့ချီ ထွက်လာတာ တွေ့ရပါတယ်။

ပုံမှန်အားဖြင့် အင်္ဂလိပ်စာမှာ အရှည်လျားဆုံးဆိုတဲ့ စကားလုံးတွေကိုပဲ အရှုပ်ထွေးဆုံး စကားတွေလို့ သတ်မှတ်ထားကြတာပါ။ ဥပမာ antidisestablishmentarianism ဆိုတဲ့ ချာ့ချ်ကျောင်းတွေ အစိုးရအထောက်အပံ့ခံဖြစ်ရေးအတွက် ထောက်ခံတဲ့ ရာထူးနဲ့ honorificabilitudinitatibus ဂုဏ်ထူးဆောင်ဆုနဲ့ ထိုက်တန်တောဆီတဲ့ အလယ်ခေတ် လက်တင်စကားလုံးဖြစ်ပါတယ်။

Photo: considerable

ဒါပေမယ့် စာလုံးသုံးလုံးတည်းနဲ့ အင်္ဂလိပ်စကားမှာ အရှုပ်ထွေးဆုံးနဲ့ အချက်အလက် မျိုးကွဲအများဆုံးထွက်တဲ့ စကားလုံးအဖြစ် အသိအမှတ်ပြုထားတဲ့ ဝေါဟာရကတော့ Run လို့ ဖြစ်ပါတယ်။ ဒီစကားလုံးကို Oxford English Dictionary မှာ ကြိယာပုံစံတစ်မျိုးတည်းနဲ့ မတူညီတဲ့ ၆၄၅ မျိုးအထိ ထွက်အောင် သုံးပြထားပါတယ်။ ဒါတောင် Run ရဲ့ အနက်အဓိပ္ပါယ်အကုန်လုံး မပါသေးပါဘူး။

နောက်အသစ်ထွက်လာမယ့် Oxford Dictionary Edition သစ်မှာ Run ရဲ့ အဓိပ္ပါယ်အားလုံးကို ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအဘိဓါန်ကို ၂၀၃၇ မှာ ပုံနှိပ်သွားဖို့ ရှိပါတယ်။ လက်ရှိအဘိဓါန်မှာတောင် Run ရဲ့ အဓိပ္ပါယ်က ရာပေါင်းများစွာ ရှိနေပါတယ်။ ၁၉၂၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံး Oxford English Dictionary မှာ စကားလုံး သုံးလုံးတည်းနဲ့ အဓိပ္ပ္ပါယ်အများဆုံး ထွက်တဲ့ စကားလုံးဟာ Set ဖြစ်ပါတယ်။

Photo: Pinterest

Oxford English Dictionary ပထမဆုံး Edition ကို နှစ်ပေါင်း ၇၀ ကြာ တည်းဖြတ်သုတေသနပြုပြီးမှ ထုတ်ခဲ့တာပါ။ Set အတွက် အဓိပ္ပါယ်ပေါင်း ၂၀၀ ပါဝင်ခဲ့ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုတာကိုက စာမျက်နှာအနေနဲ့ ၃၂ မျက်နှာခန့် ရှိပါတယ်။ အဲ့ဒီလို စကားလုံးတစ်လုံးတည်းနဲ့ အမျိုးမျိုး ဘက်စုံသုံးနိုင်တာကို (ဘက်စုံသုံး အိတ်ဆောင်ဓါး) Swiss Army Knife လို့ တင်စားပြောကြပါတယ်။

ဗြိတိန်စာရေးဆရာ ဆိုင်မွန် ဝင်ချက်စတာရဲ့ Run ဆိုတဲ့ စကားလုံးဟာ စက်မှုတော်လှန်ရေး ထွန်းကားမှုမှာ အရာရောက်ပြီး လူသုံးများကုန်တဲ့စကားလုံး ဖြစ်လာတယ်လို့ ဆိုပါတယ်။ ၁၉ ရာစုအလည်ကစပြီး ဆန်းသစ်တီထွင်မှု ရှိလာခြင်းတွေ ၊ အသစ်အသစ် ထွန်းကားလာခြင်းနဲ့ ယန္တရားလည်ပတ်မှုလိုမျိုးတွေ အားလုံးကို “စက်တွေလည် ၊ နာရီတွေ သွား ၊ ကွန်ပျူတာအလုပ်လုပ် (Machines Run, Clocks Run, Computers Run)လို့ ပြောလာကြတယ်လို့လည်း ဆိုင်မွန် ဝင်ချက်စတာက မှတ်ချက်ချထားပါတယ်။