Luxury နာရီတွေ ဈေးကြီးတာ အားလုံးသိမှာပါပဲ။ အခုပြောမယ့် နာရီတွေကတော့ တော်ရုံမီလျံနာတောင် ဝယ်ပတ်နိုင်မှာ မဟုတ်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးနာရီတွေပဲ ဖြစ်ပါတယ်။

(၅) Patek Philippe Yellow Gold Calibre 89

Patek Philippe Yellow Gold Calibre 89

Photo: hodinkee

နာမည်ကြီး ဆွစ်ဇာလန် Luxury နာရီကုမ္ပဏီ Patek Philippe က ထုတ်တဲ့ အိတ်ဆောင်ရွှေနာရီပါ။ ၁၉၈၉ ခုနှစ်က ဖန်တီးခဲ့တဲ့ နာရီဖြစ်ပြီး ကုမ္ပဏီသက်တမ်း နှစ် ၁၅၀ ပြည့်နှစ် အထိမ်းအမှတ်အနေနဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ခေတ်သူအခါက ကမ္ဘာ့အနုစိတ်ဆုံးနာရီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်တံ ၂၄ ခု နဲ့ ပစ္စည်းအစိတ်အပိုင်းပေါင်း ၁၇၂၈ ခု သုံးထားပြီး နက္ခတ်တာရာဇယားလုပ်ဆောင်ချက်နဲ့ သာမိုမီတာတစ်ခုလည်း ပါပါတယ်။ ၁၈ ကာရက်ရွှေပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပြီး နာရီတန်ဖိုး ဒေါ်လာ ၅.၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

(၄) Patek Philippe Ref. 1518

Patek Philippe Ref. 1518

Photo: twentytwoten

Patek Philippe ထဲမှာ ရှားရှားပါးပါး စတိန်းလတ်စတီးနဲ့ လာတဲ့ နာရီပါပဲ။ ၁၉၄၁ ထုတ် လက်ပတ်နာရီ ဖြစ်ပြီး အခုဆို ၄ လုံးပဲ ကျန်ရှိတော့တာပါ။ လေလံပွဲမှာ Patek Philippe Ref. 1518 နာရီကို စံချိန်တင် ဒေါ်လာ ၁၁.၁ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။ Patek Philippe Ref. 1518 ဟာ ကုမ္ပဏီရဲ့ ချိန်မှတ်နာရီစနစ်နဲ့ နေ့ရက်စွဲ ပြက္ခဒိန်ပါလာတဲ့ ပထမဆုံး လက်ပတ်နာရီလည်း ဖြစ်သလို ကမ္ဘာ့ပထမဆုံးအဖြစ် စပြီး ဖောက်ထွက်ခဲ့တဲ့ နာရီလည်း ဖြစ်ပါတယ်။

(၃) Patek Philippe Supercomplication

Patek Philippe Supercomplication

Photo: celebremagazine

Patek Philippe ရဲ့ အိတ်ဆောင်နာရီ Henry Graves Supercomplication ဟာ ၈ နှစ်ကြာ အချိန်ယူဖန်တီးထားတဲ့ နာရီ ဖြစ်ပါတယ်။ အတော်ကြီး ရှုပ်ထွေးတဲ့ စက်မောင်းအိတ်ဆောင် Mechanical နာရီမျိုး ဖြစ်ပြီး ၁၈ ကာရက်ရွှေနဲ့ ထုတ်ထားတာပါ။ ဘဏ်သူဌေး ဟင်နရီဂရေ့ဗ်စ်အတွက် သီးသန့် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာမှာ ဒေါ်လာ ၂၄ သန်းနဲ့ ရောင်းချခဲ့တာပါ။

(၂) 201-Carat Chopard

201-Carat Chopard

Photo: autoevolution

Chopard ရဲ့ 201 Carat နာရီကတော့ နာရီဆိုတာထက် ရတနာတွေ စုထားတဲ့ အလှတန်ဆာတစ်ခုလိုပါပဲ။ အဝါရောင် စိန်တွေ ၊ အပြာရောင် စိန်တွေ ၊ အဖြူရောင်ရွှေနဲ့ အဝါရောင်ရွှေတွေလည်း ပါဝင်ပါတယ်။ ဒေါ်လာ ၂၅ သန်း ဆိုတဲ့ ဈေးကတော့ အိပ်မက်မက်လို့ပဲ ကောင်းမယ့် ပမာဏဖြစ်ပါတယ်။

(၁) Breguet Grande Complication Marie-Antoinette

Breguet Grande Complication Marie-Antoinette

Photo: luxtionary

ဒေါ်လာသန်း ၃၀ နဲ့ ရောင်းထွက်သွားတဲ့ နာရီပါ။ ပြင်သစ် Luxury Watch ကုမ္ပဏီ Breguet က ထုတ်ထားတာပါ။ Grande Complication နာရီကို မေရီအန်တွိုင်းနက် (Marie- Antoinette) ဒါမှမဟုတ် The Queen လို့လည်း ခေါ်ပါတယ်။ ပြင်သစ်ဘုရင်မ မေရီအန်တွိုင်းနက်ချစ်သူတစ်ဦးဖြစ်တဲ့ ဟန်းစ်အက်ဇဲလ်ဗွန်ဖာဆန်မြို့စားကြီးက အပ်တဲ့ နာရီလို့ ဆိုပါတယ်။