ဝီစကီကောင်းတစ်ခွက်ဟာ နှစ်သက်သူတို့အဖို့ လူ့ဘဝကို ရွှင်ရွှင်မြူးမြူး ကြည်နူးလက်ခံလာအောင် စွမ်းဆောင်နိုင်ပါတယ်။ ဝီစကီတွေကို ဒေါ်လာ ဆယ်ဂဏန်းကနေ ရှားပါးပြီး တန်ဖိုးထားရင် ထားသလောက် ဒေါ်လာသန်းချီ တန်တာတွေအထိ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရှားပါးပြီး တန်ဖိုးကြီးလှတဲ့ တချို့ဝီစကီတွေရဲ့ ဈေးဟာ တော်ရုံမီလျံနာတောင် အနားမကပ်နိုင်အောင် မြင့်ပါတယ်။ ဒီလို ဈေးကြီးလွန်းတဲ့ ဝီစကီတွေထဲက တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) The Macallan in Lalique Legacy Collection

The Macallan in Lalique Legacy Collection

Photo; Sotheby’s

Macallan ဝီစကီတွေဟာ အလွန်ဈေးမြောက်တဲ့ ဝီစကီပုလင်းတွေထဲမှာ ပါပါတယ်။ ၂၀၁၇ ဧပြီလက အရှားပါးဆုံး Macallan Single Malt ခရစ္စတယ်ပုလင်း ၆ လုံးတွဲကို ဟောင်ကောင်မှာရှိတဲ့ Sotheby’s လေလံရုံက လေလံတင်ခဲ့ပါတယ်။ အနုပညာဆန်ဆန် လှပတဲ့ ဝီစကီအိုးလေးတွေဟာ Macallan နဲ့ ပြင်သစ်ဖန်ချက်လုပ်ငန်း Lalique တို့ ပူးပေါင်းပြီး သီးသန့် Limited Edition အနေနဲ့ ထုတ်ခဲ့တာပါ။ ပုလင်းထဲက Single Malt တွေဟာလည်း သက်တမ်း ၅၀ ကနေ ၆၅ နှစ်အတွင်း ရှိပါတယ်။ လေလံတင်ရောင်းဈေး ဒေါ်လာ ၉၉၃၀၀၀ ဖြစ်ပါတယ်။

(၂) Hanyu Ichiro’s Full Card Series

Hanyu Ichiro’s Full Card Series

Photo: luxebook

ဖဲသင်္ကေတတွေနဲ့ King , Queen , Ace နဲ့ Jack တွေ အပါအဝင် စုစုပေါင်း ဖဲချပ် ၅၄ ချပ်ကို ကိုယ်စားပြုတဲ့ Hanyu Ishiro ရဲ့ စကော့ချ်စတိုင် Malt Whiskey ၅၄ လုံးကို ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလက ဟောင်ကောင် Bonhams’ Fine & Rare Wine and Whiskey လေလံပွဲက လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ Bonhams လေလံရုံရဲ့ အဆိုအရ ဒါဟာ ဝီစကီစီးရီးလိုက် လေလံမှာ စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၁ ခုနှစ်က Isouji Akuto တည်ထောင်ခဲ့တဲ့ Hanyu ယမကာလုပ်ငန်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ထုတ်လုပ်ရေး ရပ်ဆိုင်းခဲ့ပေမယ့် Akuto ရဲ့ မြေးဖြစ်တဲ့ Ichiro ဟာ တန်ဖိုးကြီး ဝီစကီအလုံး ၄၀၀ ကို အမွေအနှစ်အဖြစ် ထိန်းသိမ်းခဲ့ပြီး ဒီထဲကမှ သီးသန့်ဝီစကီတွေ ရွေးထုတ်ပြီး ဖဲချပ်တစ်ချပ်ချင်းစီကို ကိုယ်စားပြုတဲ့ ဝီစကီပုလင်းတွေ ပြန်ထုတ်လိုက်တာပါ။ Hanyu Ichiro’s Full Card Series ဟာ စုစုပေါင်း ဒေါ်လာ ၁.၅၄ သန်းတန်ပါတယ်။

(၃) Macallan Fine and Rare 1926

Macallan Fine and Rare 1926

Photo: luxebook

ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီတွေအကြောင်း ပြောရင် Macallan တွေက ထိပ်ဆုံးက ရှိတတ်ပါတယ်။ Macallan Fine and Rare 1926 ဆို ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ Macallan Fine and Rare 1926 တွေက စုစုပေါင်းမှ ၁၄ လုံးပဲ ထုတ်တာ ဖြစ်ပါတယ်။ 700 ml ပုလင်းကို လန်ဒန်မြို့ Sotheby’s လေလံရုံမှာ ဒေါ်လာ ၁.၈ သန်းကျော် ဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်လို့ 15ml တစ်ခွက်သောက်တိုင်း ဒေါ်လာ ၄၀၂၅၀ ပေးသောက်ရတဲ့ သဘော ဖြစ်မှာပါ။

(၄) Isabella’s Islay

Isabella’s Islay

Photo: luxebook

ဒီဝီစကီပုလင်းက သမိုင်းတစ်လျှောက် ကမ္ဘာ့ဈေးအကြီးဆုံးလို့ ပြောရမှာပါ။ ပုလင်းထဲက Single Malt ဝီစကီရဲ့ သက်တမ်း ဘယ်လောက်ရှိလဲ မသိရပေမယ့် စိန်အလုံးရေ ၅၀၀၀ ၊ ပတ္တမြားအလုံးရေ ၂၅၀ ၊ ရွှေဖြူနဲ့ လက်ဖြစ်အိုးလေးက ဒေါ်လာ ၆.၂ သန်းအထိ ဈေးမြောက်စေခဲ့တာ ဖြစ်ပါတယ်။

Featured Photo: Lalique