မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆိုးရွားတဲ့ရလဒ်တွေကို ဆက်တိုက်ကြုံတွေ့ရခဲ့ရပြီးနောက် နည်းပြဆိုးလ်ရှားဟာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေအောက်မှာ ရှိနေပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ သတင်းတွေ တနေ့တခြား ပိုမိုထွက်ပေါ်လာနေတာဖြစ်ပါတယ်။

Manchester United Players Frustrated

Photo: Mirror

လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျွန် အာနီ ရီစေးက လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြအပေါ် ဝေဖန်ပြစ်တင်မှုတွေကို ကာကွယ်ဖို့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီဖြစ်ပြီး နော်ဝေလူမျိုးနည်းပြအနေနဲ့ အမြဲတမ်း ပြစ်တင်မှုတွေကို မခံရသင့်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ အသင်းကို ကူညီပေးနိုင်ဖို့အတွက် ရှိသမျှ အရာအားလုံးပေးခြင်းမရှိတာကြောင့် ၎င်းတို့ရဲ့ ခံယူချက်ကို မေးခွန်းထုတ်ဖို့ လိုအပ်တယ်လို့ လီဗာပူးလ်ကြယ်ပွင့်ဟောင်းက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် လူတစ်ယောက်အနေနဲ့ ဆိုးလ်ရှားအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် သူက ကမ္ဘာပေါ်က အကြီးမားဆုံးအလုပ်တွေထဲက တစ်ခုကို တာဝန်ယူခဲ့ရတာပါ။ အရာအားလုံးက သူတို့ အခုဖြစ်နေတဲ့အတိုင်း ကောင်းကောင်းမဖြစ်လာတဲ့အခါမှာ အဲဒါက လေ့လာဖို့နဲ့ စီမံခန့်ခွဲဖို့လွယ်ကူပေမယ့် တစ်ချိန်တည်းမှာ ကျွန်တော် မန်ယူနိုက်တက်ရဲ့ နောက်ဆုံး ၃ ပွဲ၊ ၄ ပွဲလောက်ကို စောင့်ကြည့်ခဲ့ပါတယ်။ ကစားသမားတွေဆီက စိတ်ဓာတ်ခံယူချက်တွေကို မြင်တွေ့ခဲ့ပြီး အရာအားလုံးအတွက် မန်နေဂျာကိုပဲ အမြဲတမ်း ခင်ဗျား အပြစ်တင်လို့မရနိုင်ပါဘူး”

Solskjaer and Ronaldo

Photo: Canadian Pathram

“ကြမ်းတမ်းမှု၊ တွန်းတွန်းတိုက်တိုက်ကစားမှု၊ အသင်းအတွက် တိုက်ပွဲဝင်လိုတဲ့စိတ်ဆန္ဒကို ကြည့်လိုက်ပါ။ ကစားသမားတွေဆီမှာ အဲဒီဟာတွေ မရှိခဲ့ပါဘူး။ အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နည်းစနစ်ပိုင်း အကောင်းဆုံးကစားသမားမဟုတ်ခဲ့သည့်တိုင်အောင် အနည်းဆုံးတော့ ကျွန်တော် ၁၁၀ ရာခိုင်နှုန်း ပေးဆပ်ပြီး ကစားခဲ့တယ်။ ကျွန်တော် ဘယ်လိုကစားခဲ့တယ်ဆိုတာက အရေးမပါပါဘူး။ မန်ချက်စတာယူနိုက်တက်ကစားသမားတွေ အခု ကစားနေတာကို ကြည့်လိုက်။ သူတို့တွေပုံစံက ဂရုစိုက်တဲ့ပုံကို မပေါ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တွေ ကြားထဲမှာ မကြာသေးမီက မငြိမ်မသက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ရီစေးက ကစားသမားတွေကို အသင်းအတွက် ကိုယ်စားပြုကစားပေးနေချိန်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆက်လက်ကစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ “ကစားသမားတွေက လေ့ကျင့်ရေးလုပ်ရတဲ့ပုံစံ၊ လေ့ကျင့်ရေးမှာ နည်းဗျူဟာပိုင်းအရ ကစားရတဲ့ပုံစံနဲ့ ဆိုးလ်ရှား ပွဲမတိုင်ခင် လုပ်နေတာတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့တွေကို အလုပ်လုပ်ဖို့၊ နည်းပြကို အားပေးထောက်ခံဖို့နဲ့ ပရိသတ်တွေအတွက် ကစားပေးဖို့ ပိုက်ဆံတွေ အများကြီးပေးထားရတာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Featured Photo: Sportskeeda