လူတစ်ဦးနဲ့ တစ်ဦးကြား ရင်းနှီးမှုတွေ ဖလှယ်တဲ့အခါ အပြုံးနဲ့ အစပြုလေ့ရှိပါတယ်။ မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ ဆိုတဲ့ စကားအတိုင်း တစ်ဖက်သူက ကိုယ့်မျက်နှာမြင်လိုက်တာနဲ့ “ဒီလူက ခင်ဖို့ကောင်းမယ့်ပုံပဲ” ဆိုတဲ့အတွေးမျိုး ဝင်သွားအောင် ကိုယ့်ဘက်က ဖော်ရွေပျူငှာတဲ့အပြုံးနဲ့ ပြုံးတတ်ဖို့ လိုအပ်ပါတယ်။ ရယ်သောသူ အသက်ရှည်၏ ဆိုတဲ့ စကားအတိုင်းပဲ များများပြုံးရယ်တဲ့သူက ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါတယ်။ ဒါ့အပြင် ပြုံးရယ်ခြင်းက အခကြေးငွေပေးစရာမလိုတဲ့အတွက်ကြောင့် များများသာ ပြုံးရယ်ပေးလိုက်ပါ။

ပြုံးရယ်ခြင်းက သင့်ကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကို ဆက်ဖတ်ကြည့်လိုက်ပါ။

ဆွဲဆောင်မှု တိုးစေခြင်း

Source: Shuttstock

ပြုံးရယ်ခြင်းနဲ့ ဆွဲဆောင်မှုရှိခြင်းက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတာပါ။ ဒါပေမဲ့ စိတ်ထဲကပါတဲ့ စစ်မှန်တဲ့အပြုံးနဲ့ လှိုက်လှိုက်လှဲလှဲပြုံးတတ်ဖို့ လိုပါမယ်။ ဟန်ဆောင်ပြုံးကတော့ အလုပ်ဖြစ်မှာမဟုတ်တဲ့အပြင် သင့်ရဲ့ဆွဲဆောင်မှုကိုတောင် လျော့ကျစေနိုင်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှု ရှိစေခြင်း

Source: Shuttstock

စစ်မှန်တဲ့ အပြုံးက မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။ လူတိုင်းက နေ့ရက်တိုင်း မပျော်ရွှင်နိုင်သလို၊ နေ့ရက်တိုင်း မိမိကိုယ်ကို ယုံကြည်ချက်ရှိနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အပြုံးစစ်နဲ့ နှစ်နှစ်ကာကာပြုံးလိုက်ခြင်းက မိမိကိုယ်ကို ယုံကြည်မှုလှိုင်းကို ထုတ်လွှတ်လိုက်တာနဲ့ အတူတူပါပဲ။

ကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

Source: Shuttstock

ပြုံးရယ်ခြင်းက Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျော့ချပေးနိုင်တာကြောင့် စိတ်ဖိစီးမှု ကင်းဝေးပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် ပြုံးဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုဒဏ် ခံနေရချိန်၊ စိတ်ညစ်နေချိန်မှာ ရယ်မောပျော်ရွှင်စေတဲ့ ဟာသလေးတွေ ဖတ်ပါ၊ ဟာသကားလေးတွေ ကြည့်ရင် စိတ်အပန်းဖြေပါ။ ထိုမှတစ်ဆင့် အားရပါးရ ရယ်မောခြင်းက သင် ခံစားနေရတဲ့ စိတ်ဖိစီးမှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်နိုင်ခြင်း

Source: Shuttstock

မျက်နှာကြီး ရှစ်ခေါက်ချိုးနဲ့ စူပုတ်နေမယ်ဆိုရင် ဘယ်သူကမှ သင်နဲ့ ခေါ်ပြောဆက်ဆံချင်မှာမဟုတ်ပါဘူး။ မျက်နှာကြောလေးကို လျော့၊ မျက်နှာလေးကို ပျော့ပျော့ပျောင်းပျောင်းထားပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဖော်ရွေပျူငှာစွာ ပြုံးပြဆက်ဆံခြင်းက ကိုယ့်အတွက်ရော မြင်ရသူအတွက်ပါ စိတ်လက်အေးချမ်းစေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သင့်ရဲ့အလုပ်ရှင်ရော လုပ်ဖော်ကိုင်ဖက်တွေကပါ သင့်ရဲ့ပျူငှာဖော်ရွေတဲ့ အပြုံးကြောင့် သင့်ကို သဘောကျကြပါလိမ့်မယ်။

အချစ်ရေး ကံကောင်းအောင် ကူညီပေးခြင်း

Source: Shuttstock

အပြုံးကလည်း ကူးစက်တတ်သလို၊ စိတ်ညစ်စရာ ပူပင်သောကတွေကလည်း ကူစက်တတ်ပါတယ်။ ချစ်သူရည်းစားတွေက တစ်ယောက်နဲ့တစ်ယောက် အေးအတူ ပူအမျှနဲ့ ပျော်ရွှင်စရာတွေကိုလည်း ဝေမျှတတ်သလို၊ စိတ်ညစ်စရာတွေကိုလည်း ဝေမျှလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး မျက်နှာကြီး သုန်မှုန်ပြီး အပြုံးအရယ်ကင်းမဲ့တဲ့သူအနားမှာ နေနေရမယ်ဆိုရင် သင်ရော နေချင်ပါ့မလား။ ဒါ့ကြောင့် အချစ်ရေး ကံကောင်းချင်တယ်ဆိုရင်လည်း နှစ်နှစ်ကာကာ ပြုံးတတ်ဖို့ လိုပါမယ်။