ချွေးလေးထွက်မှ နေလို့ကောင်းသွားတယ်ဆိုတဲ့ စကား ကြားဖူးကြမှာပါ။ ဒါကြောင့်ပဲ ချွေးထွက်အောင် အားကစားလုပ်ဖို့ တိုက်တွန်းပြောနေကြတာ ဖြစ်ပါတယ်။ ချွေးထွက်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အလိုအလျောက် ထိန်းညှိတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
လူတစ်ကိုယ်လုံးမှာ အရေပြားဟာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းအဖြစ် ဖုံးအုပ်ထားတာပါ။ ချွေးထုတ်ပေးတဲ့ အဆီအိတ် Glands နှစ်မျိုးဖြစ်တဲ့ Eccrine နဲ့ Apocrine တို့ဟာ အရေပြားထဲမှာ ရှိတာ ဖြစ်ပါတယ်။ ဒီချွေးအိတ်ကလေးတွေရဲ့အလုပ်က အညစ်အကြေးအဖြစ် မစွန့်ပစ်နိုင်တဲ့အရာတွေကို စွန့်ထုတ်ဖို့ တည်ဆောက်ထားတာပါ။ အရပ်ထဲမှာ ပြောနေတဲ့ ကိုယ်ခန္ဓာက အဆိပ်အတောက်တွေကို ချွေးကနေ ထုတ်ပစ်တယ်ဆိုတာ မဟုတ်ပါဘူး။

Photo: Freepik
တကယ်က ကိုယ်ထဲမှာ အဆိပ်သင့်စေတဲ့အရာတွေကို ဖယ်ရှားဖို့အလုပ်ဟာ ကျောက်ကပ် ၊ အသည်းနဲ့ အစာချေစနစ်တွေရဲ့ အလုပ် ဖြစ်ပါတယ်။ ချွေးကတော့ ဆားနဲ့ ကယ်လ်ဆီယမ် စုဖွဲ့မှု ကန့်သတ်ပြီး ကျောက်ကပ်ကျောက်တည်တာမျိုး အဖြစ်နည်းစေဖို့ တာဝန်ယူပါတယ်။
မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်နိုင်မယ့် ဒီ Glands လေးတွေဟာ လက်တွေ ၊ ချိုင်းကြား ၊ ဦးရေပြားနဲ့ တခြား နေရာအနှံ့အပြားမှာ ရှိပါတယ်။ ဒီဂလင်းအိတ်ကလေးတွေဟာ ရေ ၊ ဆားနဲ့ ကိုယ်ခန္ဓာ သွေးကြောကနေ လာတဲ့ ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုဓါတ်တစ်မျိုး ထုတ်ပါတယ်။ ချွေးထွက်ခြင်းဟာ ကိုယ်တွင်း အရည်ဖွဲ့စည်းမှု နည်းစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
ချွေးထွက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ်ခန္ဓာကို အပူလျော့ကျသွားစေဖို့ပါပဲ။ ချွေးချည်း သက်သက်ကတော့ ကိုယ်အပူချိန်ကို မပြောင်းပေးနိုင်ပါဘူး။ ချွေးအငွေ့ပျံသွားပြီးမှ အပူချိန်က ကျလာတာပါ။ ဒီတော့ ချွေးဆိုတာ ကိုယ်တွင်းအပူချိန် တည်ငြိမ်စေဖို့ အတွင်းပိုင်း အအေးပေးစနစ်လိုမျိုး အလုပ်လုပ်နေတယ်လို့ ပြောနိုင်ပါတယ်။ ချွေးထွက်လာချိန်မှာ ချွေးပေါက်တွေ ကျယ်ပြီး ပွင့်သွားစေတာကြောင့် အသားအရေ နုပျိုစေပါတယ်။

Photo: Freepik
အားကစားလုပ်နေချိန် စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ Endorphins ကလည်း ချွေးနဲ့အတူ ထွက်လာပါတယ်။ ဒီတော့ အားကစားလုပ်ပြီး ချွေးထွက်လာချိန်မှာ စိတ်ဟာ ပေါ့ပါးလန်းဆန်းသွားတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။ ချွေးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖိုက်ပေးနိုင်စွမ်းလည်း ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ချွေးထွက်လာတဲ့အခါ ခန္ဓာကိုယ်ဟာ Pathogen လို့ ခေါ်တဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို သတ်နိုင်တဲ့ Dermcidin ဆိုတဲ့ ပဋိဇီဝပစ္စည်းတွေ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
တချို့လေ့လာမှုတွေမှာဆို ချွေးအိတ်ထဲမှာ ရှိတဲ့ Stem Cells လေးတွေဟာ ဒဏ်ရာကျက်တဲ့ ဖြစ်စဉ်ကိုပါ ပိုမြန်ဆန်စေနိုင်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် ချွေးထွက်အောင် အားကစားလုပ်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အားကစားလုပ်ပြီးတာနဲ့ ချွေးဓါတ် ပြန်ဖြည့်နိုင်ဖို့ ရေများများသောက်ပါ။ သဘာဝကောက်ပဲသီးနှံတွေ များများစားပေးပါလို့ အကြံပေးချင်ပါတယ်။
