ပူအိုက်တဲ့နွေရာသီကို ကူးပြောင်းရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ဒီလိုပူအိုက်တဲ့ရာသီမှာ ဘောင်းဘီအရှည်တွေ ဝတ်မယ့်အစား ဘောင်းဘီတိုလေးတွေဝတ်ဆင်ခြင်းက အအိုက်သက်သာပြီး သက်သောင့်သက်သာဖြစ်စေမှာပါ။ ဘောင်းဘီတိုဝတ်ထားတာဆိုတော့ နေလောင်ကာခရင်မ်လိမ်းပေးဖို့တော့ လိုမှာပေါ့နော်။ နို့မဟုတ်ရင် နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြောက်သွေ့သွားတတ်ပါတယ်။

ဘောင်းဘီတိုကြိုက်နှစ်သက်တဲ့ကိုကိုတွေအတွက် နွေရာသီက ရှိုးထုတ်လို့အကောင်းဆုံးအချိန်ပါပဲ။ ဒါဆိုရင် နွေရာသီမှာ ဘယ်လိုဘောင်းဘီတိုတွေနဲ့ ဘယ်လိုစတိုင်မလိုင်ထုတ်ကြမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဆိုင်ချုပ်ဘောင်းဘီတိုများ

Source: fashionbeans.com

ဘောင်းဘီတိုအမျိုးအစား အများအပြားရှိတဲ့အနက် ဆိုင်ချုပ်ဘောင်းဘီတိုတွေကတော့ ကိုယ့်ကိုယ်တိုင်းနဲ့ကွက်တိချုပ်ထားတာဖြစ်တဲ့အတွက် ကိုယ်အလေးချိန် အတက်အကျမရှိသရွေ့တော့ စတိုင်အပြည့်ရှိနေမှာအမှန်ပါပဲ။ ဘောင်းဘီတိုနဲ့ လိုက်ဖက်တဲ့ဖိနပ်တွကတော့ ကွင်းထိုးဖိနပ်နဲ့ အလွယ်တကူအသွင်းအထုတ် ပြုလုပ်နိုင်တဲ့ ရှုးဖိနပ်များက အသင့်တော်ဆုံးပါပဲ။

အားကစားဘောင်းဘီတို

Source: fashionbeans.com

အားကစားဘောင်းဘီတိုတွေကတော့ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ စတိုင်အပြည့်ရှိနေဖို့ ကူညီပေးပါလိမ့်မယ်။ အားကစားဘောင်းဘီတိုဖြစ်တဲ့အတွက် အားကစားဖိနပ်များနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ဂျင်းဘောင်းဘီတိုများ

Source: fashionbeans.com

ဂျင်းဘောင်းဘီတိုတွေက မိန်းကလေးတွေနဲ့ပဲ လိုက်ဖက်တာလို့ မထင်လိုက်ပါနဲ့။ အမျိုးသားတွေလည်း ဂျင်းဘောင်းဘီတိုဝတ်တဲ့အခါ လူငယ်ဆန်ဆန်နဲ့ ပေါ့ပါးလွတ်လပ်တဲ့အသွင်ဆောင်ပါတယ်။ ဂျင်းဘောင်းဘီတိုကတော့ ကွင်းထိုးဖိနပ်၊ ညှပ်ဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေနဲ့ လိုက်ဖက်မှုမရှိဘဲ Sneaker ဖိနပ်တွေနဲ့ပဲ လိုက်ဖက်တာပါ။

ချီနိုဘောင်းဘီတို

Source: fashionbeans.com

ဘောင်းဘီတိုလည်း ဝတ်ချင်တယ်၊ ကိုယ့်ရဲ့ ခါးပတ်ကိုလည်း ထုတ်ကြွားချင်တယ်ဆိုရင်တော့ ချီနိုဘောင်းဘီတိုကိုပဲ သတိရလိုက်ပါ။ ချီနိုဘောင်းဘီတိုတွေက ရှပ်အင်္ကျီ၊ ဆွယ်တာအင်္ကျီတွေနဲ့ လိုက်ဖက်မှုရှိပေမယ့် ကုတ်အင်္ကျီကိုတော့ လုံးဝ ထပ်မဝတ်သင့်ပါဘူး။ ကုတ်အင်္ကျီထပ်ဝတ်ထားတဲ့ဖက်ရှင်က မသိရင် အိမ်မှာဘောင်းဘီရှည်ဝတ်ဖို့မေ့ကျန်ခဲ့တဲ့ပုံပေါက်နေပါတယ်။ ချီနိုဘောင်းဘီတိုမှ မဟုတ်ပါဘူး။ တခြားဘောင်းဘီတိုတွေလည်း ထိုနည်းအတိုင်းပါပဲ။ Suit နဲ့ တွဲဝတ်ရတဲ့ကုတ်အင်္ကျီ ထပ်မဝတ်မိပါစေနဲ့။ တကယ်လို့ အပေါ်ဝတ်ထပ်ဝတ်ချင်တယ်ဆိုရင် ဂျင်းဂျက်ကတ်ဖြစ်ဖြစ်၊ ခေါင်းစွပ်အင်္ကျီနဲ့ဖြစ်ဖြစ်၊ ဆွယ်တာလက်ရှည်နဲ့ဖြစ်ဖြစ် တွဲဝတ်ပေးနိုင်ပါတယ်။

ရေကူးဘောင်းဘီတို

Source: fashionbeans.com

ရေကူးဘောင်းဘီတိုတွေက အခြားဘောင်းဘီတွေထက်စာရင် ပိုတိုပါတယ်။ ကမ်းခြေသွားတဲ့အခါ၊ ရေကူးကန်သွားပြီး အပန်းဖြေအနားယူတဲ့အခါ ရေကူးဘောင်းဘီဝတ်ရင်း ရှိုးထုတ်နိုင်ပါတယ်။

သတိထားရမယ့်အချက်များ

အရပ်ပုတဲ့အမျိုးသားများအတွက်

Source: fashionbeans.com

ခြေသလုံးတုတ်ပြီး၊ ခြေတံတိုတဲ့အမျိုးသားများက ပေါင်အလယ် မရောက်တရောက် ဘောင်းဘီတိုများ ရွေးချယ်ဝတ်ဆင်ပေးပါ။ ဖိနပ်ကိုတော့ ခြေမျက်စိမဖုံးတဲ့ ဖိနပ်တွေ ဝတ်ဆင်ပေးသင့်ပါတယ်။

အရပ်ရှည်တဲ့ အမျိုးသားများအတွက်

Source: fashionbeans.com

ခြေသလုံး ပိန်ပါးပြီး ခြေတံရှည်တဲ့အမျိုးသားများအနေနဲ့ကတော့ ဒူးခေါင်းအထက် (သို့) ဒူးခေါင်းအတိ ဘောင်းဘီတိုများ ဝတ်ဆင်နိုင်ပါတယ်။ ဖိနပ်ကိုတော့ ခြေမျက်စိဖုံးတဲ့ ရှုးဖိနပ်တစ်မျိုးမျိုး ဝတ်ဆင်ပေးနိုင်ပါတယ်။