တစ်နေ့တာ လှုပ်ရှားရုန်းကန်မှုတွေမှာ စိတ်ဖိစီးမှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေဟာ အမြဲတမ်း ကြုံတွေ့နေကြရမှာပါပဲ။ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကင်းဝေးဖို့ဆိုတာ အလုပ်ကိုယ်စီလုပ်နေကြတဲ့ သူတွေဖို့တော့ တကယ်ကိုမလွယ်ကူတဲ့ ကိစ္စပါ။ စိတ်ဖိစီးမှုနဲ့ စိတ်အနှောင့်အယှက်တွေအတွက် ပြေလျော့စေမယ့် အချိန်လေးတစ်ခုတော့ရှိပါတယ်။
ဝါသနာဟာ ငယ်ရွယ်စဉ်မှာပဲ လုပ်ရမှာမဟုတ်ပါဘူး
Photo : Freepik
ဝါသနာတွေကို ကျောင်းနေစဉ်အချိန်မှာပဲ လုပ်ရမယ်ဆိုတာ မှားတဲ့အယူအဆပါ။ ကိုယ်ကအသက်ကြီးပြီး လုပ်ငန်းခွင်မှာ လူကြီးဖြစ်နေပါစေ အားကစားအပေါ် ဝါသနာပါတယ်ဆို ဒီအတွက် အချိန်အနည်းငယ်ပေးပြီး လုပ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင်မှာ လူကြီးတစ်ယောက်အနေနဲ့ ကြီးလေးတဲ့တာဝန်တွေ၊ ဝတ္တရားတွေကြောင့် စိတ်တွေထိုင်းမှိုင်းနေမယ်ဆိုရင် ကိုယ်ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်ခြင်းဖြင့် စိတ်လက်ပေါ့ပါးပြီး ကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို လျော့ပါးစေမှာပါ
Photo : Freepik
ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်နေတဲ့အချိန်ကသာ သင့်ရဲ့စိတ်ဖိစီးမှုတွေ၊ စိတ်အနှောင့်အယှက်တွေကို မေ့နေနိုင်မှာပါ။ ဒီတော့ ဘယ်လိုမှအချိန်တွေ မအားလပ်ပါဘူးဆိုရင်တောင် အနည်းဆုံးတော့ တစ်ရက်ကို နာရီဝက် သို့မဟုတ် တစ်နာရီလောက် ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်သင့်ပါတယ်။
စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်
Photo : Freepik
အားလပ်ချိန်မှာ ဝါသနာပါရာကိုသာ လုပ်နေရမယ်ဆိုရင် စိတ်လက်ပေါ့ပါးလန်းဆန်းနေမှာပါ။ ဒါဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်အနှောင့်အယှက်တွေလည်း ကင်းဝေးနေမှာပါ။ ဒီလို စိတ်ဖိစီးမှုတွေမရှိဘူးဆိုရင် ဦးနှောက်ကလည်း ကြည်လင်နေမှာဖြစ်ပါတယ်။ ဦးနှောက်ကြည်လင်နေမယ်ဆိုရင် အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းကောင်းလေးတွေ ပေါ်ပေါက်လာမှာပါ။
မျှတတဲ့ဘဝရှင်သန်မှုဖြစ်ပါစေ
Photo : Freepik
အလုပ်တွေချည်းပဲ ဖိလုပ်နေမယ်ဆိုရင် ဘဝကနေပျော်စရာ ကောင်းမယ်မထင်ပါဘူး။ အလုပ်နဲ့ဘဝ မျှတနေဖို့တော့ လိုအပ်ပါတယ်။ အလုပ်တွေချည်း ပြည့်နှက်နေမယ်ဆိုရင် ဘဝဟာ စိတ်ဖိစီးမှုတွေများနေပါပြီ။