ခန့်မှန်းတွက်ချက်မှုတွေအရ အဲလ်ဘတ်အိုင်းစတိုင်းဟာ IQ 160, နယူတန် IQ 190 နဲ့ မာ့ခ်ဇူကာဘက် IQ ၁၅၂ ကိုယ်စီရှိကြပါတယ်။ ဒီလူတွေဟာ ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားတဲ့ ဉာဏ်ကြီးရှင်တွေဖြစ်ကြပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ လူမသိသူမသိ နေထိုင်သွားခဲ့တဲ့ ဉာဏ်ကြီးရှင်နောက်တစ်ယောက်ရှိနေပါသေးတယ်။ သူ့ရဲ့ IQ ဟာ ၂၅၀-၃၀၀ ကြားမှာရှိမယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ သူ့နာမည်ကတော့ William James Sidis (ဝီလီယံ) ဖြစ်ပါတယ်။ ဒီနေ့ kwee က Williamဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဝီလီယံ ကို (၁၈၉၈) ခုနှစ်တွင် နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ အဖေ (Boris Sidis) က ဟားဗက်တက္ကသိုလ်ကနေ ဘွဲ့ (၄) ခုရယူထားတဲ့ စိတ်ပညာရှင်တစ်ဦးဖြစ်ပြီး သူ့အမေကလည်း MD ဘွဲ့ရ ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဝီလီယံကိုလည်း ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်လို့ အများကယုံကြည်ထားကြတယ်။ ဒါမေပယ့် ဝီလီယံဟာထင်ထားတာထက်ပိုပြီးတော့ ဉာဏ်ကောင်းခဲ့ပါတယ်။

အသက် (၁၈) လအရွယ်မှာ The New York Times သတင်းစာကို ဖက်နိုင်ခဲ့ပြီး၊ အသက် (၈) နှစ်အရွယ်မှာ ဘာသာစကား (၈) မျိုး (Latin, Greek, French, Russian, German, Hebrew, Turkish, Armenian) ကိုမိမိဘာသာ သင်ယူတတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် Vendergood အမည်ပေးထားတဲ့ ဘာသာစကားအသစ်တစ်မျိုးကိုလည်း တီထွင့်ခဲ့ပါသေးတယ်။

ဝီလီယံရဲ့ ဉာဏ်ရည်ကို သတိထားမိသွားတဲ့ သူ့အဖေဟာ ဟားဗက် တက္ကသိုလ် ဝင်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ဝီလီယံ ဝင်ရောင်ခွင့်မပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဝီလီယံရဲ့ အသက်က (၈) နှစ်သာရှိသေးလို့ပါ။ နောက် (၂) နှစ်အကြာမှာတော့ ဟားဗက် ကိုဝင်ခွင့်ရခဲ့ပြီး အသက်အငယ်ဆုံး ကျောင်းသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၁၉၁၀) ခုနှစ်အရောက်မှာ သူ့ဟာသင်္ချာပညာမှာ တစ်ဖက်ကမ်းခက် တတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ဆရာတွေကိုတောင် ပြန်ပြီးသင်ကြားပို့ချပေးခဲ့တဲ့အထိ ဉာဏ်ရည်မြင့်မားခဲ့ပါတယ်။ သူဟာ အသက် (၁၆) နှစ်အရွယ်မှာ ဟားဗက်ကနေ ဘီအေ ဘွဲ့ရရှိခဲ့ပါတယ်။

အဲ့ဒီခေတ်အချိန်အခါတုန်းက အမေရိကန်တွေဟာ ကလေးတွေကို ပညာရေးဖြင့် ဉာဏ်ကြီးရှင်တွေအဖြစ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေကြတဲ့အချိန်ဖြစ်ပါတယ်။ စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝီလီယံရဲ့အဖေဟာလည်း သူ့သားကို ထင်ပေါ်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်လာအောင် ဖိအားတွေပေးခဲ့ပါတယ်။ ဝီလီယံဟာ ကလေးတစ်ယောက်လို နေရတာကို ကြိုက်နှစ်သက်တာကြောင့် လူကြီးတစ်ယောက်လိုမျိုး ပြုမူဆက်ဆံတဲ့ သူ့အဖေဖြစ်သူကို မုန်းတီးခဲ့ပါတယ်။ ဒါကြောင့် သူ့အဖေဖြစ်သူ Boris ဆုံးပါးသွားချိန်မှာ အသုဘ အခမ်းအနားတတ်ရောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

ဝီလီယံဟာ လူသိမခံချင်တာကြောင့် အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် နေထိုင်ခဲ့ပါတယ်။ သူဟာတန်ဖိုးရှိတဲ့ စာအုပ်ပေါင်းများစွာကို မတူညီတဲ့ ကလောင်နာမည်အမျိုးမျိုးကို အသုံးပြုပြီးရေသားထုတ်ဝေခဲ့ပါတယ်။ သူဟာ ဆိုရှယ်လစ်ကိုထောက်ခံတဲ့သူဖြစ်ပြီး ပထမကမ္ဘာစစ် ကိုဆန့်ကျင်ခဲ့တဲ့သူလည်းဖြစ်ခဲ့ပါတယ်။ (၁၉၁၉) ခုနှစ်တွင် Boston မြို့မှာ အကြမ်းဖက်မှု ဖြစ်ပေါ်စေခဲ့တာကြောင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၁၈) လချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့မိဘတွေရဲ့ အကူအညီနဲ့ လွတ်မြောက်ခဲ့ပြီး စိတ်ရောဂါကု ဆေးရုံမှာ (၂) နှစ်ကြာပိက်လောင်ထားခံခဲ့ရပါတယ်။

ဝီလီယံဟာ သူ့ရဲ့ဘဝတစ်လျှောက် အထီးကျန်မူတွေ၊ နာကျင်ခံစားမူတွေနဲ့ ဖြတ်သန်းခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း အဆင်မပြေခဲ့ပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်သည့်အထိ စွမ်းရည်ရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဝီလီယံဟာ အသက် (၄၆) နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ရပါတယ်။

Kwee ပရိသတ်တွေရော ဘယ်လိုထင်ပါသလဲ။ IQ 250-300 ကြားပိုင်ဆိုင်ခဲ့တဲ့လူ ကမ္ဘာပေါ်မှာ ရှိခဲ့တယ်လို့ ထင်ပါသလား။