အယ်လ်ကိုဟောတွေက ကျန်းမာရေးအကျိုးနည်းတယ်ဆိုတာ အရင်သိထားဖို့လိုပါတယ်။ အယ်လ်ကိုဟောပါဝင်မှု မြင့်လေလေ သင့်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်စွမ်းမြင့်လေလေပါပဲ။ များသောအားဖြင့် ဝီစကီ ၊ ဘရန်ဒီ ၊ ရမ် စတဲ့ အပြင်းတွေရဲ့ အယ်လ်ကိုဟောပါဝင်မှုဟာ ၄၀ ကနေ ၅၀ ရာခိုင်နှုန်း ပတ်ချာလည်ထက် မပိုကြပါဘူး။
အခုပြောမယ့် ယမကာတွေကတော့ သောက်သူရဲ့ လည်ချောင်းကနေ အစာအိမ်အထိ မီးစနဲ့ ထိုးသလောက်ကို ပြင်းရှလွန်းတဲ့ အပြင်းဆုံး ယမကာတချို့အကြောင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က အခုပြောမယ့်ယမကာတွေမှာ အယ်လ်ကိုဟောပါဝင်မှုဟာ ၈၅ ရာခိုင်နှုန်းနဲ့အထက် ရှိခြင်းပဲ ဖြစ်ပါတယ်။
(၁) Eesti Piiritus

Photo: lordsofthedrinks
Eesti Piiritus (Estonia Spirit) ဆိုတာ နာမည်အတိုင်း အက်စ်တိုးနီးယားနိုင်ငံ Baltic ပြည်နယ်လေးက ထွက်တာပါ။ အက်စ်တိုးနီးယားဆိုတာကလည်း ယမကာခရီးသည်တွေကို ဆွဲဆောင်ရာမှာ နာမည်ကျော်တဲ့ နိုင်ငံပါ။ အက်စ်တိုးနီးယားထွက် Eesti Piiritus ဟာ ကမ္ဘာပေါ်မှာ အပြင်းဆုံးယမကာအဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါခဲ့ဖူးပါတယ်။
၁၉၃၈ ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဒီအရက်ကတော့ အယ်လ်ကိုဟောပါဝင်မှု ၉၈ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။ အခုနောက်ပိုင်း ထွက်တဲ့ Eesti Piiritus တွေရဲ့ အယ်လ်ကိုဟောပါဝင်မှုဟာ ၉၆.၆ ရာခိုင်နှုန်းရှိပါတယ်။
(၂) Cocoroco

Photo: lordsofthedrinks
ဘိုလီဗီးယားယမကာ Cocoroco ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အပြင်းဆုံး ယမကာဖြစ်ပါတယ်။ ကြံကနေ ပေါင်းခံထားပြီး သံဗူးနဲ့လာပါတယ်။ မသိရင် ယမကာထည့်တဲ့ဗူးထက်စာရင် ခေါင်းလိမ်းဆီဗူးလေးနဲ့တောင် ဆင်ပါတယ်။ Cocoroco က အယ်လ်ကိုဟောပါဝင်မှု ၉၆ ရာခိုင်နှုန်းရှိပြီး ပြင်းလွန်းလို့ နိုင်ငံအတော်များများမှာ ဒီအရက်ကို ရောင်းချခွင့် ပိတ်ပင်တားမြစ်ခံထားရပါတယ်။
(၃) Spirytus Rektyfikowany

Photo: lordsofthedrinks
အယ်လ်ကိုဟောပါဝင်မှုနှုန်းနဲ့ဆို Cocoroco နဲ့ အတူတူပါပဲ။သူက ပိုလန်ထွက် ဖြစ်ပါတယ်။ ပိုလန်ဟာလည်း စကင်ဒီနေးဗီးယား နဲ့ ဆွီဒင်တို့လို ယမကာသမားတွေ များတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Spiritus ဟာ ကြံကနေ ထုတ်ထားတဲ့ အလွန်ပြင်းတဲ့ ဗော့ကာတစ်မျိုးဖြစ်ပါတယ်။ သိပ်ချမ်းတဲ့နိုင်ငံတွေမှာ သောက်လေ့ရှိတဲ့ ယမကာမျိုးပါ။
(၄) Everclear

Photo: lordsofthedrinks
Everclear ဆိုတာ အမေရိကန်ကုမ္ပဏီ Luxco က ထုတ်တဲ့ Brand ဖြစ်ပါတယ်။ အပြင်းတွေ ထုတ်တဲ့ ကုမ္ပဏီက ထွက်တဲ့ အရက်ပါ။ Everclear က ထွက်တဲ့ အရက်တွေဟာ အယ်လ်ကိုဟော ပါဝင်မှု ၆၀ ၊ ၇၅.၅ ၊ ၉၄.၅ နဲ့ ၉၅% အထိ ထွက်ပါတယ်။
(၅) Bruichladdich X4

Photo: All Things Whisky
ဝီစကီအရသာနဲ့လာတဲ့ အရက်ပြင်းတစ်ခုပါ။ ဝီစကီမှာ နာမည်ကျော်တဲ့ စကော့မော့တ်အမျိုးအစားတစ်ခုဖြစ်ပြီး ရာမီကွိုင်ထရူးဆိုသူပိုင်တဲ့ Bruichladdich Distillery က ထုတ်ပါတယ်။ Bruichladdich X4 မှာ ပါတဲ့ အယ်လ်ကိုဟောပါဝင်မှုဟာ ၉၂% ထက် မနည်းပါဘူး။ ကားကို ဒီဝီစကီနဲ့ ထည့်မောင်းတဲ့ ဗွီဒီယို BBC ရုပ်သံဌာနမှာ ပါလာပြီးနောက် Bruichladdich အမှတ်တံဆိပ်က နာမည်ပိုကြီးသွားတာပါ။
