ဇူလိုင်လ(၇)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့(၂၀၁၉)ခုနှစ်အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်မှာတော့ အမေရိကန်အသင်းက နယ်သာလန်အသင်းကို အနိုင်ယူကာချန်ပီယံဆုကို ထပ်မံကာကွယ်သွားခဲ့ပြန်ပါတယ်။ချန်ပီယံအမေရိကန်အသင်းက နယ်သာလန်အသင်းကို (၂-၀) ဆိုတဲ့ဂိုးပြတ်ရလဒ်ဖြင့်အနိုင်ယူကာ နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။အဆိုပွဲစဉ်မှာတော့ နယ်သာလန်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲကိုဒုတိယအကြိမ်မြောက်ဝင်ရောက်ပြိုင်ကာ ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ခွင့်ရခဲ့တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ချန်ပီယံအမေရိကန်အသင်းကို အတော်လေးရုန်းကန်ရင်ဆိုင်ခဲ့ရပါတယ်။

Source : NBC Sports

ပထမပိုင်းပွဲချိန်စတင်တယ်ဆိုကတည်းက အမေရိကန်အသင်းဟာ ချန်ပီယံအသင်းပီပီ နယ်သာလန်အသင်းကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ အမေရိကန်အသင်းအနေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မကြာခဏလုပ်ဆောင်ခဲ့သလို ဂိုးရရှိမယ့်အခွင့်အရေးတွေလည်းရခဲ့ပေမယ့် နယ်သာလန်အသင်းရဲ့ ဂိုးသမားနေရာယူမှန်မှန်နဲ့ အကောင်းဆုံးလက်စွမ်းပြကာကွယ် ပေးနိုင်ခဲ့တာကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူးပဲဖြစ်ပါတယ်။ပွဲချိန်ပထမပိုင်းမှာတော့ တစ်ဖက်မှသွင်းဂိုးမရရှိခဲ့ပဲ နှစ်သင်းစလုံးသရေရလဒ်နဲ့သာပထမပိုင်းကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်ချိန်မှာတော့ နယ်သာလန်ခံစစ်ရဲ့ ဖြတ်ထုတ်မှုကြမ်းတမ်းခဲ့တာကြောင့် အမေရိကန်အသင်းဘက်မှ ပင်နယ်တီပြစ်ဒဏ်ဘောရရှိသွားခဲ့ပါတယ်။

Source : The Mane Land

အဆိုပါပင်နယ်တီပြစ်ဒဏ်ဘောကိုတော့ ပွဲချိန် (၆၁) မိနစ်မှာ အမေရိကန်အသင်းတိုက်စစ်မှူး မီဂန်ရပ်ပီနိုးက တိကျပိုင်နိုင်စွာသွင်းယူသွားနိုင်ခဲ့ပါတယ်။အမေရိကန်အသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိသွားချိန်မှာတော့ ကစားကွက်ပိုမိုသေသပ်ကောင်းမွန်လာခဲ့ပြီး နောက်ထပ် (၈) မိနစ်အကြာ ပွဲချိန် (၆၉) မိနစ်မှာ ရိုစ့်လေဗယ်လ်က ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။လက်ကျန်မိနစ်တွေမှာ နယ်သာလန်အသင်းအနေနဲ့ အကောင်းဆုံးချေပဖို့ ကြိုးစားခဲ့ပေမယ့် အခွင့်အရေးမရရှိခဲ့တာကြောင့် (၂-၀) ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ပဲ ပွဲကိုအဆုံးသတ်ကာ အမေရိကန်အသင်းကို အနိုင်ပေးလိုက်ရတာဖြစ်ပါတယ်။

Source : Yahoo! Sports

အမေရိကန်အသင်းကတော့ ယခုနှစ် (၂၀၁၉)ခုနှစ်အပါအဝင် (၁၉၉၁)ခုနှစ် ၊ (၁၉၉၉) ခုနှစ် ၊ (၂၀၁၅) ခုနှစ်စတဲ့နှစ်တွေမှာလည်း ချန်ပီယံဆုကို ဆွတ်ခူး ရရှိနိုင်ခဲ့တာကြောင့် ကမ္ဘာ့ ဖလားချန်ပီယံဆုကြီးကို လေးကြိမ်မြှောက် ဆွတ်ခူးရရှိခဲ့တဲ့ အသင်းတစ်သင်းဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။