ဆင်ဖိုနီလို့ ခေါ်ကြတဲ့ သံစုံတီးဝိုင်းကြီးတွေဟာ နိုင်ငံတစ်ခုရဲ့ အနုသုခုမပြဒါးတိုင်ပါပဲ။ ဆင်ဖိုနီ သံစုံတီးဝိုင်းတွေထဲကမှ ကမ္ဘာ့အကောင်းဆုံးက ဘယ်အဖွဲ့ဖြစ်မလဲဆိုပြီး ဂုဏ်သိက္ခာရှိတဲ့ Gramophone ဆိုတဲ့ ဂီတစာစောင်ကြီးက ဖော်ပြထားတာလေး မျှဝေချင်ပါတယ်။

(၁) Royal Concertgebouw Orchestra

Royal Concertgebouw

Photo: m-festival

အမ်စတာဒမ်မှာရှိတဲ့ Royal Concertgebouw အဖွဲ့ဟာ ၁၈၈၈ ခုနှစ်ကတည်းက Classical Music တွေ တီးခတ်ဖျော်ဖြေလာခဲ့တာပါ။ တည်ထောင်ချိန်ကနေ နှစ်ပေါင်း ၁၃၀ ကျော်ကြာ အခုထိ တီးဝိုင်းခေါင်းဆောင် Conductors ၇ ဦးပဲ ရှိတာကြောင့် သံစဉ်အခုထိ တစ်မူတည်း သွားပါတယ်။ အသံသွင်းမှုပေါင်း ၁၀၀၀ နီးပါး ရှိထားတာက ဒီတီးဝိုင်းကို Gramophone စာရင်းရဲ့ ထိပ်ဆုံးမှာ ဖော်ပြဖြစ်စေခဲ့တဲ့ အဓိကအကြောင်းရင်း ဖြစ်နိုင်ပါတယ်။ ဒန်နီလီ ဂတ်တီက ၂၀၁၆ – ၂၀၁၇ ရာသီအတွက် တီးဝိုင်းခေါင်း‌ဆောင်ချုပ်လုပ်ခဲ့ပါတယ်။

(၂) Berlin Philharmonic

Berlin Philharmonic

Photo: NY Time

၁၈၈၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ခုဆို နှစ် ၁၄၀ နီးပါး ကြာပြီ ဖြစ်တဲ့ သက်တမ်းရှည် Berlin Philharmonic ဆင်ဖိုနီတီးဝိုင်းကြီးမှာ Conductors ချုပ် ၁၀ ဦး ပြောင်းခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးတီးဝိုင်းခေါင်းဆောင် ဆာဆိုင်မွန်ရတ်တဲလ်ဆို ၂၀၀၂ ခုနှစ်ကတည်းက တီးဝိုင်းခေါင်းဆောင်ချုပ်တာဝန်ယူခဲ့တာပါ။ ရတ်တဲ့လ်ရဲ့ လက်ထက်မှာ ဒီအဖွဲ့ကြီးဟာ ဂရမ်မီဆုတွေ ၊ Gramophone ဆုတွေ အများကြီး ရခဲ့ပါတယ်။

(၃) Vienna Philharmonic

Vienna Philharmonic

Photo: FT

အထက်တန်းလွှာလူတန်းစားတို့ ရုံးဖွင့်/ရုံးပိတ်ရက်မရွေး လက်မှတ်ရဖို့ အကြာကြီးစောင့်တိုးယူရတဲ့ နာမည်ကျော်တီးဝိုင်းကြီးတစ်ခုက Vienna Philharmonic ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဇာတ်ရုံခန်းမကြီးတွေနဲ့ အလွန်စည်းကမ်းတင်းကြပ်လှတဲ့ အသံစစ်မှုတွေကြောင့်လည်း ဒီတီးဝိုင်းကြီးဟာ လူကြိုက်များလှသလို ဂုဏ်သိက္ခာကြီးမားလှတဲ့ တီးဝိုင်းကြီး ဖြစ်လာတာပါ။

(၄) London Symphony Orchestra

london symphony orchestra

Photo: The Times

London Symphony Orchestra ကို ၁၉၀၄ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။တည်ထောင်ချိန်ကစလို့ ဒီတီးဝိုင်းကြီးဟာ ကမ္ဘာ့အကျော်ကြားဆုံး သံစုံတီးဝိုင်းကြီးတစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလို နာမည်ကျော်ကြားရတဲ့အကြောင်းအရင်းတစ်ခုက Star Wars ၊ Raiders Of The Lost Ark နဲ့ Harry Potter တို့လို ကမ္ဘာကျော်ရုပ်ရှင်တွေအတွက် နောက်ခံတီးလုံးတွေသွင်းပေးခဲ့လို့ ဖြစ်ပါတယ်။

(၅) Chicago Symphony Orchestra

Chicago Symphony Orchestra

Photo: WQXR

အမေရိကန်ရဲ့ ထိပ်တန်း Symphony တစ်ခုဖြစ်တဲ့ Chicago Symphony Orchestra ဟာလည်း ကမ္ဘာ့အကောင်းဆုံးတီးဝိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၀၈ ခုနှစ်က Gramophone အဆင့်သတ်မှတ်ချိန်မှာ ဒီအဖွဲ့ကို ဒန်နီယယ် ဘာရန်ဘွိုင်းမ်က ဦးဆောင်ထားပါတယ်။

Featured Photo: silversurfers