အမေရိကန်နိုင်ငံရဲ့ သက်တမ်းနဲ့အမျှ ရှည်ကြာလာပြီဖြစ်တဲ့ ဘော်ဘွန်းဝီစကီတစ်မျိုးကို Skinner Inc ဆိုတဲ့ လေလံကုမ္ပဏီတစ်ခုက လေလံတင်ထားပါတယ်။ လက်ရှိ ဝီစကီတွေထဲမှာ သက်တမ်းအရင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဒီဝီစကီအတွက် လေလံကြေးဟာ ဒေါ်လာသောင်းနဲ့ချီရှိမယ်လို့လည်း ခန့်မှန်းခဲ့တာပါ။

Photo: Money Control
ဒီဝီစကီကို ၁၇၆၂ ခုနှစ်နဲ့ ၁၈၀၂ ခုနှစ်အကြားက ဂျော်ဂျီယာပြည်နယ် လာဂရိမ်းဆိုတဲ့အရပ်မှာ ပုလင်းထဲ ထည့်ခဲ့တာ ဖြစ်ပါတယ်။ ကာလအားဖြင့် အမေရိကန်တော်လှန်းရေးကာလ ဒါမှမဟုတ် ၁၇၉၀ ပြည့်လွန်နှစ်တွေက သမ္မတဂျော့ချ်ဝါရှင်တန်လက်ထက် ဖြစ်ခဲ့တဲ့ အခွန်အတုပ်ဆန္ဒပြမှုအတွင်း ထုတ်လုပ်ခဲ့တာ ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒါဟာ အမေရိကန်ဝီစကီတွေ ဖြစ်တဲ့ ဘော်ဘွန်းတွေရဲ့ခေတ်ဦးလည်း ဖြစ်နိုင်ပါတယ်။ တကယ့်နည်းစနစ်တကျဆိုရင် ဒါကို ဘော်ဘွန်းလို့တောင် မခေါ်သေးပါဘူး။ ၁၉၆၄ ခုနှစ် ကွန်ဂရက်လွှတ်တော်မှာ ဘော်ဘွန်းအဆိုမသွင်းခင်အထိ ဘော်ဘွန်းဆိုပြီး မသုံးနှုန်းလို့ ဖြစ်ပါတယ်။ ပါးစပ်သမိုင်းမှာ ဒီဝီစကီအကြောင်းကို ပြောတာတွေ အများကြီး ရှိပါတယ်။ ဒီဝီစကီကို Old Ingledew ဝီစကီလို့ ပိုင်ရှင်တွေက နာမည်ပေးထားပါတယ်။

Photo: Money Control
မျိုးရိုးစဉ်ဆက် နှစ် ၂၀၀ ကျော် လက်ဆင့်ကမ်းလာတာကိုက ဒီဝီစကီရဲ့လောကဓံကို ပြနေတာလို့တောင် ဆိုရမှာပါ။Ole Ingledew မျိုးကို ဂျွန်ပီးယားပွိုင့် မော်ဂန် ( အခုနာမည်ကြီး JP Morjan ဘဏ်သူဌေးမျိုး) ဆိုသူက သူ့အမျိုးတစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ဖရန်ကလင်ဒီ ရု့စ်ဗဲ့လ်နဲ့ ဟယ်ရီ အက်စ်ထရူးမင်းတို့ကို ခရစ္စမတ်လက်ဆောင်အဖြစ်ပေးဖူးတယ်လို့ ဆိုပါတယ်။ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဒီဝီစကီကို ဓါတုနည်းအရ စစ်ဆေးရာမှာ သက်တမ်းနှစ် ၂၅၀ ဝန်းကျင်ရှိပြီလို့ ခန့်မှန်းထားပါတယ်။
သမိုင်းတန်ဖိုးပါရှိတဲ့ ဒီဝီစကီကို Skinner Inc ကတော့ ဒေါ်လာ ၂၀၀၀၀ ကနေ ၄၀၀၀၀ အကြား ရမယ်လို့ခန့်မှန်းထားပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာ ဒီဝီစကီကို ဒေါ်လာ ၁၃၇၀၀ ဈေးနဲ့ ရောင်းထွက်သွားပြီလို့ ဆိုပါတယ်။
