၂၀၁၅ ခုနှစ်က TED Talk ဟောပြောပွဲတစ်ခုမှာ ကမ္ဘာကျော် သူဌေးကြီးဘီလ်ဂိတ်စ်က ပြောဖူးတာ ရှိပါတယ်။ အဲ့ဒါကတော့ လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း လူ ၁၀ သန်းကို သေစေနိုင်မယ့်အရာဟာ စစ်လက်နက် Missiles တွေကြောင့် မဟုတ်ပါဘူး။ အနုဇီဝပိုးမွှား Microbes တွေကြောင့် ဖြစ်ပါလိမ့်မယ်တဲ့။ သူ့အဆိုကို အခု WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) က Pandemic (ကမ္ဘာ့ကပ်ရောဂါဘေး) အဖြစ် သတ်မှတ်လိုက်တဲ့ COVID-19 ဖြစ်စဉ်က သက်သေခံနေပါတယ်။

ကာလပေါင်းများစွာ ရှည်လျားလာခဲ့တဲ့ လူ့သမိုင်းမှာ ရောဂန္တရကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၀၀၀ အတွင်း ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် သေဆုံးသူ သန်း ၃၀၀ ကနေ သန်း ၅၀၀ အကြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ကပ်ရောဂါတွေထဲမှာမှ သမိုင်းတစ်လျှောက် လူသေပျောက်မှုအများဆုံးဖြစ်ခဲ့တဲ့ ကပ်ရောဂါကြီး ၅ မျိုးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) HIV/AIDS ကပ်

Photo: cnn philippines

၁၉၇၆ ခုနှစ်မှာ HIV/AIDS ရောဂါကို ကွန်ဂိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်ကစလို့ HIV/AIDS ရောဂါကြောင့် သေဆုံးသူ ၃၆ သန်းကျော် ရှိခဲ့သလို လက်ရှိအချိန်ထိလည်း HIV ပိုးနဲ့ နေထိုင်သူဦးရေဟာ ၃၁ သန်းနဲ့ ၃၅ သန်းအကြားမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း HIV/AIDS ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၂.၂ သန်းကနေ ၁.၆ သန်းကို ကျဆင်းသွားခဲ့ပါတယ်။

(၂) Antonine ပလိပ်

Photo: brewminate

အန်တိုနိုင်းပလိပ်ဘေးကို ဂါလန်ပလိပ်လို့လည်း ခေါ်ခဲ့ကြပါတယ်။ ဒီရောဂါကို ထုတ်ဖော်ခဲ့သူ ရောမအင်ပိုင်ယာမှ ဂရိဆေးသမားတော် ဂါလန်ကို အစွဲပြုပြီး ခေါ်တွင်ခဲ့တာပါ။ အေဒီ ၁၆၅ ဝန်းကျင်က အာရှမိုင်းနားကျွန်းဆွယ် ၊ အီဂျစ် ၊ ဂရိ နဲ့ အီတလီတို့မှာ ကူးစက်ခဲ့ပြီး ကူးစက်မှုအကြောင်းရင်း မသိခဲ့ရပါဘူး။ အမည်မဖော်နိုင်တဲ့ ဒီရောဂါကို မက်ဆိုပိုတေးမီးယားစစ်မြေပြင်ကနေ ပြန်လာတဲ့ ရောမစစ်သားတွေကနေ သယ်လာခဲ့တာ ဖြစ်ပြီး ဒီပလိပ်ဘေးကြောင့် သေဆုံးသူ ၅ သန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

(၃) Justinian ပလိပ်

Photo: GWFP

ဥရောပလူဦးရေတစ်ဝက်ကို သေဆုံးစေခဲ့တဲ့ ပလိပ်ရောဂါပါ။ ဂျပ်စတင်နီယန်ပလိပ်ဟာ ဘိုင်စတိုင်းအင်ပါယာ ၊ ကွန်စတန်တီနိုပိုမြို့ ၊ ဆက်ဆေးနီးယန်းအင်ပါယာနဲ့ မြေထဲပင်လယ်တစ်လျှောက်လုံးက ဆိပ်ကမ်းမြို့တွေမှာ ၅၄၁ အေဒီနဲ့ ၅၄၂ အေဒီအတွင်း ဖြစ်ပွားခဲ့ပြီး အဲဒီခေတ်ကကို လူပေါင်း ၂၅ သန်းကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပလိပ်ဘေးကြီးအတွင်း တစ်နေ့ကို လူပေါင်း ၅ ထောင်နှုန်းအထိ သေဆုံးခဲ့ပြီး နောက်ဆုံး မြို့နေလူဦးရေရဲ့ ၄၀%အထိ ဒီရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။

(၄) Flu ကပ်

Photo: The New York Times

တုပ်ကွေးကြောင့် လူပေါင်း သန်း ၂၀ ကနေ ၅၀ အထိ သေခဲ့တယ်ဆိုရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ ၁၉၁၈ ခုနှစ်က တကယ့်ဖြစ်ရပ်မှန်ပါ။ အဲဒီအချိန်က လူပေါင်း သန်း ၅၀၀ အထိ ကူးစက်ခဲ့တဲ့ ကပ်ဘေးဖြစ်ပြီး ပထမ ၂၅ ပတ်အတွင်းမှာကို သေဆုံးသူဟာ ၂၅ သန်းအထိ ရှိခဲ့တာပါ။ ၁၉၁၈ ခုနှစ် ဒီကပ်ဘေးရဲ့ ထူးခြားချက်က ကလေးသူငယ်တွေနဲ့ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေထက် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အရွယ်ရောက်သူတွေကို အများဆုံးသေဆုံးစေခဲ့တာ ဖြစ်ပါတယ်။

(၅) The Black Death

Photo: CityAM

၁၃၀၀ ပြည့်လယ်ခန့်ကအာဖရိက ၊ ဥရောပနဲ့ အာရှတို့မှာ ဖြစ်ခဲ့တဲ့ ပလိပ်ဘေးကြီးပါ။ သမိုင်းတစ်လျှောက်လုံးမှာ လူသေဆုံးမှု အများဆုံးကပ်ဘေးကြီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၃၄၇ ခုနှစ် အောက်တိုဘာလက ဒီပလိပ်ရောဂါဟာ ဥရောပကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပင်လယ်နက်ကနေ ရွက်လွှင့်လာတဲ့ သင်္ဘော ၁၂ စင်း မက်ဆီးနားက စစ္စလီဆိပ်ကမ်းမှာ ကမ်းကပ်နေချိန် သင်္ဘောသားတွေ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၅ သန်းကနေ သန်း ၂၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။