ကော်ဖီသောက်ရင် ကောင်းသလားဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ကိုယ့်ဘာသာတစ်ချိန်မဟုတ် တစ်ချိန် ပြန်မေးမိကြမှာပါ။ သိတဲ့အတိုင်း ။ကော်ဖီဆိုတာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ စားသုံးမှုအမြင့်ဆုံး ထုတ်ကုန်တွေထဲကတစ်ခုပဲ မဟုတ်လား။ ခေတ်သစ်လူ့အဖွဲ့အစည်းအကြားမှာ ကော်ဖီသောက်သုံးတဲ့ ယဉ်ကျေးမှုဟာ ပိုများများလာနေတာ ဖြစ်လို့ ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးပေါ် သက်ရောက်မှုကို သိထားတာ ကောင်းပါတယ်။

ကောင်းတဲ့ဘက်က ကြည့်ရင် ကော်ဖီသောက်တယ်ဆိုတာ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ ကော်ဖီအများစုမှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါပါတယ်။ Antioxidant ဟာ ဦးနှောက်ဆဲလ်တွေ ကျန်းမာအောင် ကူညီပေးပါတယ်။ ဦးနှောက်အာရုံကြောလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ ကော်ဖီနေ့စဉ် သောက်လေ့ ရှိသူတွေဟာ အယ်လ်ဇိုင်းမားတို့ ပါကင်ဆန်တို့လို ရောဂါတွေအဖြစ်နည်းတယ်လို့ တွေ့ထားပါတယ်။

coffee-beans-wooden-bowl-with-book-cinnamon-cup-coffee-high-angle-view-light-dark-blue-marble-background

Photo: Freepik

ကျန်းမာရေးဆိုးကျိုးဘက်က ကြည့်ရင် ကော်ဖီသောက်တာဟာ ကိုယ်တွင်းထဲမှာ ကယ်လ်ဆီယမ်ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်တဲ့သူတွေဟာ အရိုးပွ အရိုးအားနည်းပြီး ကျိုးကြေလွယ်တဲ့ Osteoporosis ဝေဒနာမျိုး ခံစားရတတ်ပါတယ်။ ကော်ဖီသောက်လို့ ကယ်လ်ဆီယမ်ဆုံးရှုံးမှုများပြီး အရိုးမထိချင်ရင် ကော်ဖီသောက်ချိန်မှာ နို့နှစ်ဇွန်းထည့်သောက်ပေးဖို့ လိုပါတယ်။

လေ့လာမှုတွေအရ ကော်ဖီသောက်လေလေ Type Two Diabetes ဆီးချိုရောဂါမျိုး အဖြစ်နည်းလေလေပါပဲ။ တစ်ရက်ကို ကော်ဖီ ၄ ခွက်ကနေ ၆ ခွက်အကြား သောက်သုံးခြင်းဟာ တစ်ရက်ကို ကော်ဖီနှစ်ခွက်နဲ့ နှစ်ခွက်အောက် သောက်လေ့ရှိသူတွေနဲ့ စာရင် ဆီးချိုသွေးချို ဖြစ်တာကို ၃၀ ကနေ ၃၅% ပိုနည်းစေနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီ ၆ ခွက်သောက်တာက များတယ်ဆိုရင် ကဖိန်းဓါတ်မပါတဲ့ ကော်ဖီမျိုး သောက်လည်း ရပါတယ်။

ကော်ဖီကို အစာစားချင်စိတ်နည်းစေဖို့ သောက်တာမျိုး ရှိကြပါတယ်။ ဝိတ်ကျစေဖို့ ရည်ရွယ်ချက်နဲ့ သောက်ကြတာပါ။ ပြဿနာက ကဖိန်းဟာ သွေးတွင်းသကြားဓါတ်ကို ပိုပြီး အတက်အကျမမှန်ဖြစ်စေရာကနေ သကြားဓါတ်စွဲလမ်းမှု ဖြစ်တတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ရေရှည်မှာ ဝိတ်တက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချဖို့ကော်ဖီသောက်မယ်ဆိုရင် သတိလေးတော့ ထားဖို့ အကြံပြုချင်ပါတယ်။

သိမှတ်စိတ်ရယူတဲ့ အပိုင်းမှာ ကော်ဖီက ကောင်းကျိုးပြုပါတယ်။ လေ့လာမှုအမြောက်အများအရ မနက်ဖက် ကော်ဖီသောက်သုံးလေ့ရှိသူတွေဟာ တခြားသူတွေထက် သတင်းအချက်အလက်သစ်‌ လေ့လာမှတ်သားရာမှာ ပိုပြီး ထိရောက်မှု ရှိတတ်ပါတယ်။ ကော်ဖီနဲ့ Snack တွဲပြီး စားခြင်းဟာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုနဲ့ မှတ်သားဉာဏ်အတွက် တာဝန်ယူတဲ့ အပိုင်းတွေကို လှုံ့ဆော်နိုင်ပါတယ်။

tea-time-break

Photo: Freepik

အိပ်စက်မှုနဲ့ ပတ်သက်ရင် ကော်ဖီက နာမည်ဆိုးရှိပါတယ်။ ကော်ဖီများများသောက်တဲ့သူတွေအတွက် အိပ်ရေးပျက်ခြင်းက ပြဿနာပါပဲ။ ကော်ဖီရဲ့ အာနိသင်ဟာ သောက်ပြီး ၆ နာရီမှ လုံးဝပြယ်သွားတာ ဖြစ်လို့ ညနေ ၆ နာရီနဲ့ နောက်ပိုင်းဆို ကော်ဖီလုံးဝမသောက်ဘဲ ရှောင်ကြဉ်သင့်ပါတယ်။ တစ်လက်စတည်း ပြောစရာ ရှိတာက အိပ်ရာက နိုးနိုးချင်း ကော်ဖီသောက်တာမျိုး မလုပ်ဘဲ အိပ်ရာက ထပြီး အနည်းဆုံး ၁ နာရီလောက်နေမှ သောက်ပါ။

မနက်ခင်းကို တက်ကြွရွှင်လန်းမှုအပြည့်နဲ့ နိုးထချင်ရင် အိပ်ရာနိုးလို့ ရေချိုးပြီးမှ ကော်ဖီသောက်တာ အကောင်းဆုံးပါပဲ။ ဒီလောက်ဆို ကော်ဖီသောက်ရင် ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်တယ်ဆိုတာ အနည်းအကျဉ်းတော့ ခြုံပြီး သိသွားလောက်မှာပါ။