ဘဝမှာ ကြုံတွေလာတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ဖူးတဲ့လူတွေကို ပရိသတ်တွေတွေ့ဖူးကြမှာပါ။ သူတို့တွေကဘယ်လိုအခက်အခဲ အတား အဆီးတွေကိုမဆို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ရှိနေတဲ့သူတွေပါ။ ဘေးကကြည့်နေတဲ့လူတွေအနေနဲ့ ဒီကိစ္စတွေက လွယ်သယောင်ထင်ရပေမယ့် တကယ်တမ်းတော့ ပေးဆပ်ရတာတွေ စိတ်ရှည်သည်းခံမှုတွေ ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်ရပါတယ်။ အဓိကကတော့ စိတ်ဓာတ်ကြံ့ခိုင်နေဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်နေမှ ရှေ့ဆက်ဖို့ ခွန်အားတွေရှိနေမှာပါ။ ဒီနေ့တော့ စိတ်စွမ်းအားကို ထိခိုက်စေတဲ့ အဆိပ်အတောက် အလိမ်အညာတွေ အကြောင်းပြောပြပေးသွားမှာပါ။

“အမှန်တရားကို လက်မခံခြင်း”

Source: Talkspace

ဘဝမှာ အမှန်တရားကို လက်ခံနိုင်ဖို့ အရေးကြီးတယ်ဆိုတာ လူတော်တော်များများမေ့နေလေ့ရှိကြတယ်။ အမှန်တရားတွေ လက်တွေ့ကျတဲ့ အရာတွေကိုသာ လက်ခံ ယုံကြည်မယ်ဆိုရင် သင့်ရဲ့စိတ်စွမ်းအားက ဘဝခရီးရှေ့ဆက်ဖို့အတွက် စွမ်းအားတွေရှိနေမှာပါ။ ရှင်းရှင်းပြောရမယ်ဆိုရင် လိပ်ပြာသန့်သန့်နဲ့ ခရီးဆက်တာက ပိုအဆင်ပြေတယ်ဆိုတဲ့ သဘောပါပဲ။ တကယ်လို့သာ အလိမ် အညာတွေ အဆိပ်အတောက်ဖြစ်စေတဲ့ စကားလုံးတွေကိုသာ သင့်စိတ်ထဲမှာ ထည့်သွင်းထားမယ်ဆိုရင် စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက ဘဝရှေ့ဆက်ဖို့အတွက်ပါ ခက်ခဲလာပါလိမ့်မယ်။ ဒါကြောင့်မလို့ ဒီနေ့ စိတ်ကျန်းမာရေးကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေအကြောင်း ရေးသားဖော်ပြရတာပါ။

“အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်မှာ မဟုတ်ဘူး”

Source: Fine Art America

အတိတ်က သင်လုပ်ခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်တွေအကြောင်းပဲ တွေးနေမယ်ဆိုရင် ဘဝရှေ့ဆက်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။ အတိတ်ကရှိခဲ့တဲ့ ဒဏ်ရာတွေ အဖြစ်ဆိုးတွေဆီကနေ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ ဒီလိုမှမဟုတ်ဘဲ အတိတ်အကြောင်းတွေးပြီး ခံစားနေမယ်ဆိုရင် စိတ်စွမ်းအားကို ထိခိုက်စေပါတယ်။ ဒီလိုဖြစ်နေမယ့်အစား စိတ်ဒဏ်ရာတွေကို အမှန်တရားအတိုင်း လက်ခံလိုက်ပြီး ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်ပါ။

“တခြားသူတွေက ငါထက် ပိုပြီးတော်ကြတယ်”

Source: Bon Vita

ဒီအချက်ကတော့ သင့်ကိုထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ တခြားလူတွေရဲ့ အောင်မြင်မှုကိုကြည့်ပြီး အဲ့လူတွေက ငါ့ထက်ပိုတော်ကြတယ်လို့ ထပ်ခါတလဲလဲပြောနေခြင်းက မိမိကိုယ်ကို ယုံကြည်စိတ် ကျဆင်းစေပါတယ်။ တကယ်တော့ ဒီလိုအောင်မြင်မှုရအောင် သူတို့တွေဟာ နေ့ချင်းညချင်းဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အချိန်တွေ အနစ်နာခံမှုတွေ ပေးဆပ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီးမှ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကို ခံစားကြရတာပါ။ တစ်ခါတစ်လေ ပထမဆုံးခြေလှမ်းစလိုက်ခြင်းက အရဲရင့်ဆုံးသော လုပ်ရပ်တစ်ခုဖြစ်သွားတက်ပါတယ်။ ဒီလိုဖြစ်သွားခဲ့ရင် သင့်ကိုသင် တော်တယ်လို့ ချီးမွှန်းပေးလိုက်ပါ။

“ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းမှုက ငါ့ကို အားနည်းစေတယ်”

Source: Andy Mort

တကယ်လို့သာ အသေးစိတ်လေ့လာလိုက်မယ်ဆိုရင် သင့်အနားက အောင်မြင်နေသူတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာတွေ အများကြီး ရှိပါတယ်။ သူတို့တွေက ဒါတွေကို ကျော်ဖြတ်ပြီး စွမ်းအားသဖွယ်ပြောင်းလဲပစ်ခဲ့ကြတာပါ။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာအားနည်းမှုက သင့်ကိုအားနည်းစေတယ်ဆိုတဲ့ အတွေးကို ရပ်ပစ်လိုက်ပါ။ ဒီလိုတွေးနေမယ့်အစား တစ်နေ့ထက်တစ်နေ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်ပေးလိုက်ပါ။