စပိန်ကွင်းလယ်ကစားသမား သီယေဂို ဆေးလ်ဗားက ပင်နယ်တီအဆုံးအဖြတ်မှာ ကန်သွင်းချက် လွဲချော်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဆွစ်ဇာလန်အသင်းအတွက် မဖြေသိမ့်နိုင်ဖြစ်နေတဲ့ ဆွစ်ဇာလန်လူငယ်ကြယ်ပွင့် ရူဘင် ဗားဂတ်စ်ကို နှစ်သိမ့်ပေးပြီး အားကစားသမားပီသမှုကို ပြသခဲ့ပါတယ်။

လူးဝစ္စ အန်းနရစ်ရဲ့ စပိန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ မိနစ် ၁၂၀ ယှဉ်ပြိုင်ကစားပြီးတဲ့အထိ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဖေဘီယံ ရှားနဲ့ အကန်ဂျိတို့ရဲ့ ကန်သွင်းချက်တွေကို အူနိုင်း ဆိုင်မွန်က ကာကွယ်နိုင်ခဲ့တာဖြစ်ပေမယ့် ဗားဂတ်စ်ရဲ့ ကန်သွင်းမှုကတော့ ဂိုးဘားတန်းကို ကျော်သွားခဲ့တာဖြစ်ပါတယ်။

Thiago Shows His Class By Consoling 22-Year-Old Ruben Vargas & Swiss Team After Penalty Heartbreak

Photo: Sportbible

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ မီခေး အိုရာဇဘယ်က စပိန်အသင်း အနိုင်ရရှိစေမယ့် ပင်နယ်တီကန်သွင်းမှုကို အဆုံးသတ်ခဲ့ပြီးနောက် မျက်ရည်လည်ရွဲဖြစ်ခဲ့တာဖြစ်ပေမယ့် သီယေဂိုက ဒီအတိုင်း လက်ပိုက်ကြည့်မနေခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့် ရှာကွီရီနဲ့ သီယေဂိုတို့ဟာ လူငယ်ကစားသမားလေး ဗားဂတ်စ်ကို ပွေ့ဖက်အားမပေးမီ စိတ်ဖြေသိမ့်နိုင်စေမယ့် စကားလုံးတွေ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဗားဂတ်စ်လိုမျိုးပဲ သီယေဂိုဟာ ဆွစ်ဇာလန်ဂိုးသမား ရမ်း ဆွန်းမားနဲ့ ပွေ့ဖက်နှုတ်ဆက်ပြီး စကားအနည်းငယ် ပြောကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပရိသတ်တွေဟာ သီယေဂိုရဲ့ အပြုအမူကို တုံ့ပြန်ခဲ့ကြပြီး သီယေဂိုဟာ ကွင်းတွင်းရော ကွင်းပြင်မှာပါ စစ်မှန်တဲ့အားကစားသမားစိတ်ဓာတ်ရှိသူဖြစ်ကြောင်း ပြသခဲ့တာလို့ ထင်မြင်ခဲ့ကြပါတယ်။

“ပင်နယ်တီ လွဲချော်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်သွားခဲ့ပြီးနောက် ဗားဂတ်စ်ကို သီယေဂိုက သွားပြီး နှစ်သိမ့်ပေးခဲ့တယ်။ ထိပ်တန်းကစားသမားတစ်ယောက်ဆီက ထိပ်တန်းအားကစားသမားစိတ်ဓာတ်ပဲ”လို့ ပရိသတ်တစ်ဦးက ချီးကျူးခဲ့ပြီး “သီယေဂိုက ဆွန်းမားနဲ့ ဗားဂတ်စ်ကို ပထမဆုံး သွားပြီး နှစ်သိမ့်ခဲ့တဲ့သူဖြစ်ခဲ့တယ်။ အဆင့်အတန်းဆိုတာ ဝယ်ယူလို့ မရဘူး”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။