တစ်ပတ်တာလုံး အလုပ်တာဝန်တွေနဲ့ လှုပ်ရှားရုန်းကန်ခဲ့ပြီးနောက် စနေ ၊ တနင်္ဂနွေ ပိတ်ရက်မှာတွေ ကောင်းကောင်းပြန်ပြီး အနားယူကြရပါတယ်။ ဒါပေမယ့် အများစုကတော့ အိမ်အလုပ်တွေ ၊ ဆိုရှယ်မီဒီယာတွေနဲ့ အချိန်ကုန်လေ့ရှိပြီး Weekends က ဟိုလုပ်ဒီလုပ်နဲ့ ကုန်ဆုံးသွားရ တာ များပါတယ်။ အောင်မြင်သူတွေကတော့ သူတို့ရဲ့ Weekends ဖြတ်သန်းတဲ့ပုံစံက သာမာန်လူတွေလို မဟုတ်ပါဘူး။
တကယ့်ကိုအကျိုးရှိတဲ့အရာတွေလုပ်ဆောင်ရင်း စနေ ၊ တနင်္ဂနွေ ပိတ်ရက်တွေကို ကုန်ဆုံးကြတာပါ။ ဒီတစ်ခေါက်တော့ အလုပ်ပိတ်ရက်တွေကို အကျိုးရှိရှိဖြတ်သန်းနိုင်ဖို့ အောင်မြင်သူတွေရဲ့ Weekends ဖြတ်သန်းပုံလေးတွေကို လေ့လာကြည့်လိုက်ရအောင်ပါ။
(၁) ပြန်လည်သုံးသပ်ဖို့ အချိန်ပေးကြတယ်
Photo : Freepik
” သုံးသပ်မှုမရှိတဲ့ဘဝက အသက်ရှင်ဖို့မထိုက်တန်ဘူး” လို့ ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးက ပြောခဲ့ပါတယ်။ ဟုတ်ပါတယ် ကိုယ့်ကိုယ်ကိုပြန်ပြီး သုံးသပ်ဆန်းစစ်တွေမှုမရှိရင် ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်တွေက ပျောက်ဆုံးနေမှာပါ။ ဒါကြောင့် အောင်မြင်သူတွေဟာ အားလပ်ရက်တွေမှာ အချိန်အနည်းငယ်ပေးပြီး ဘယ်အရာတွေလုပ်ခဲ့ပြီးပြီ ၊ ဘယ်တွေတော့လုပ်ဖို့ ကျန်သေးတယ်စသည်ဖြင့် ကိုယ့်ကိုယ့်ကိုပြန်လည်သုံးသပ်ကာ တိုးတက်မှုများအပေါ် အာရုံစိုက်လေ့ရှိကြပါတယ်။
(၂) စိတ်ဝင်စားတဲ့အရာတွေ လုပ်ကြတယ်
Photo : Freepik
အောင်မြင်သူတွေတိုင်းဟာ အောင်မြင်မှုနောက်လိုက်ရင်း သူတို့ရဲ့အကြိုက်ဆုံးဝါသနာတွေ စိတ်ဝင်စားမှုတွေကို လျစ်လျူရှု့ထားခဲ့ကြတာမဟုတ်ပါဘူး။ အားလပ်ချိန်ရတိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ ဝါသနာတွေအတွက် အချိန်ပေးလုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါဟာ အားလပ်ချိန်တွေအတွက် အကောင်းဆုံး အပန်းဖြေနည်းတစ်မျိုးဖြစ်သလို ဖန်တီးနိုင်စွမ်းတွေလည်းတိုးတက်လာစေမှာဖြစ်ပါတယ်။
(၃) တစ်စုံတစ်ခု ပြန်ပေးကြတယ်
Photo : Freepik
အောင်မြင်သူတွေဟာ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် အကျိုးရှိစေတဲ့ တစ်စုံတစ်ရာ ပြန်ပေးရင်း သူတို့ရဲ့အားလပ်ချိန်တွေကို အကောင်းဆုံးဖြတ်သန်းလေ့ရှိပါတယ်။ ပရဟိတလုပ်ငန်းတွေမှာပါဝင်ကူညီတာ ၊ လူမှုပတ်ဝန်းကျင်အတွက်အကျိုးရှိစေမယ့်အရာတစ်ခုခု ပြန်ပြီးမျှဝေတာမျိုးလုပ်ကြပါတယ်။ လေ့လာမှုတွေအရ အောင်မြင်သူ ၇၀ % လောက်က လတိုင်းမှာအနည်းဆုံး ၅ နာရီလောက် လူမှုအကျိုးပြုလုပ်ငန်းတွေ အချိန်ပေး လုပ်ဆောင်လေ့ရှိတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။
(၄) အဆက်သွယ် ဖြတ်ထားကြတယ်
Photo : Freepik
အားလပ်ရက်ဆိုတာ ပြည့်ပြည့်ဝဝအနားယူအပန်းဖြေသင့်တယ်ဆိုတာကို အောင်မြင်သူတိုင်း ကောင်းကောင်းသဘောပေါက်နားလည်ထားကြပါတယ်။ စနေ ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ အလုပ်နဲ့ပတ်သတ်နဲ့ အီးမေးလ်စစ်တာတွေ ၊ အလုပ်နဲ့သက်ဆိုင်တဲ့ဖုန်းကော်တွေကို အဆက်ဖြတ်ထားကြပြီး ပြည့်ပြည့်ဝဝအနားယူလေ့ရှိပါတယ်။ ဒါမှလည်း ပြည့်ပြည့်ဝဝအနားရမှာဖြစ်ပြီး နောက်ထပ်အလုပ်များစွာ တက်ကြွစွာလုပ်ကိုင်နိုင်မှာပါ။
(၅) လာမယ့်အပတ်အတွက် ကြိုတင်အစီစဉ်ဆွဲတယ်
Photo : Freepik
အောင်မြင်သူတွေဟာ Weekends ကိုအကောင်းဆုံး ဖြတ်သန်းပြီး တနင်္ဂနွေနေ့ ညနေခင်းတွေမှာ လာမယ့်အပတ်ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အလုပ်တစ်ခုကို ကြိုတင်ပြင်ဆင်မှုအပြည့်နဲ့ လုပ်ဆောင်ခြင်းဟာ ရလဒ်ပိုကောင်းစေ ပြီး အလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်မြင်သူတွေဟာ နောက်တစ်ပတ်အတွက် အရေးကြီးတဲ့အလုပ်တွေ ၊ တာဝန်တွေကို ကြိုတင်အစီစဉ်ချပြီး လုပ်ဆောင်လေ့ရှိကြတာဖြစ်ပါတယ်။
Featured Photo : Unsplash