အမျိုးသားတွေဟာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဘာကိုမှ မကြောက်ကြပေမယ့် မိန်းကလေးတွေရှေ့မှာတော့ ဘယ်အရာကို ကြောက်မှန်းမသိ နေရထိုင်ရခက်ပြီး ဘယ်လိုနေရမလဲမသိ ဖြစ်လေ့ရှိကြပါတယ်။ မိန်းကလေးတွေနဲ့ အတော်လေး ပွဲကျပြီး ယောကျ်ားလေးအချင်းချင်းဆို စကား ၁၀ ခွန်းပြည့်အောင် မပြောကြတဲ့ လူမျိုးတွေကို သင့်ပတ်ဝန်းကျင်မှာ အများကြီးမဟုတ်ရင်တောင် တစ်ဦးတလေတော့ မြင်တွေ့ဖူးမှာဖြစ်ပြီး မိန်းကလေးတွေ အထူးသဖြင့် သင် တစ်ဖက်သတ် ကြိတ်ကြွေရတဲ့ မိန်းကလေးက သဘောကျလာအောင် လုပ်ဆောင်သင့်တဲ့အရာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရယ်ရွှင်ဖွယ် စကားလေးတွေ ပြောပေးပါ

couple laughing

Photo: Unsplash

မိန်းကလေးတွေဟာ မျက်နှာရူးတာမျိုး မနှစ်သက်ကြပေမယ့် အတည်ပေါက်နဲ့ ရယ်ရအောင် စကားကြွယ်တဲ့လူမျိုးကိုတော့ သဘောကျတတ်ကြပါတယ်။ ရယ်ရွှင်ဖွယ်စကားတွေကို ပြောတတ်သူ အများစုဟာ လောကကြီးကို အကောင်းမြင်တတ်ကြသူတွေဖြစ်ပြီး ဆိုးရွားတဲ့အခြေအနေမှာတောင် အကောင်းဘက်က လှည့်တွေးပြီး စိတ်ပေါ့ပါးအောင် ဟာသလုပ်တတ်တာကြောင့် မိန်းကလေးတွေရဲ့ သဘောကျခြင်းကို ခံရတတ်ပါတယ်။

၂။ မွှေးမွှေးကြိုင်ကြိုင် နေပါ

Happy Couple

Photo: Unsplash

မွှေးကြိုင်နေအောင် ရေမွှေးတစ်ပုလင်းလုံး လောင်းချထားဖို့ မလိုပါဘူး။ ချွေးသံတရဲရဲနဲ့ နေစော်နံနေတာမျိုး မဖြစ်ဘဲ ချိုင်းချွေးနံ့ပျောက်ဆေးနဲ့ ရေချိုးဆပ်ပြာကောင်းကောင်းသုံးမယ်ဆိုရင် အရမ်းမမွှေးရင်တောင် နံတဲ့ထဲမှာ မပါတော့ပါဘူး။ အရှင်းဆုံးပြောရရင် ချေးညှော်ကင်းစင်ပြီး မီးပူကော့နေအောင် တိုက်ထားတဲ့ အင်္ကျ ီက အဝတ်လျှော် အမွှေးဆီနံ သင်းသင်းလေးဆိုရင်တောင် တော်တော်လေး အဆင်ပြေပါပြီ။

၃။ ပြုံးနေဖို့ မမေ့ပါနဲ့

Couple Sitting

Photo: Unsplash

ရင်းနှီးတဲ့ လူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှ ပြုံးတာမျိုးမဟုတ်ဘဲ အမြဲလို ချိုသာတဲ့မျက်နှာအမူအရာမျိုးနဲ့ နေထိုင်သင့်ပါတယ်။ အပြုံးဟာ လူတဖက်သားရဲ့ စိတ်နှလုံးကို နွေးထွေးစေတဲ့ အစွမ်းရှိတာကြောင့် သင် သဘောကျနှစ်သက်တဲ့ မိန်းကလေးနဲ့တွေ့တိုင်း သွားပေါ်တဲ့အထိ ပြုံးပြပေးရင် အချိန်ကြာလာတာနဲ့အမျှ နွေးထွေးမှုတွေ ပိုလာမှာပါ။ နွားပွဲစား ထင်နေလားမသိဘူးလို့ တွေးသွားလောက်အောင်အထိ မဖြစ်အောင် သွားဖုံးပေါ်တဲ့အထိ ပြုံးတာမျိုးတော့ ရှောင်ကြဉ်သင့်ပါတယ်။

၄။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ

Two Couple Gazing

Photo: Unsplash

မိန်းကလေးတွေဟာ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာကို ပြသတတ်တဲ့ လူမျိုးကို ပိုမိုသဘောကျပြီး လျှို့ဝှက်ချက်တွေများလွန်းတာမျိုး မကြိုက်တတ်ကြပါဘူး။ သင်က တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ စိတ်ထားနူးညံ့သူဖြစ်ပြီး လူတိုင်းအပေါ်ကို လေးစားသမှုနဲ့ ပြုမူဆက်ဆံတတ်တဲ့ သူမျိုးဆိုတာသာ သင့်ရဲ့မိန်းကလေးက သတိပြုမိသွားမယ်ဆိုရင် နှလုံးသားထဲကို ခြေတလှမ်းချပြီးသွားပြီလို့သာ မှတ်ယူလိုက်ပါ။

၅။ သတိရကြောင်း ပြောပေးပါ

Dating at a Restaurant

Photo: Unsplash

လူတွေဟာ တစ်စုံတယောက်က မိမိကို သတိရကြောင်း ပြောဆိုတာခံရတာကို နှစ်သက်တတ်ကြပြီး အတွေးထဲမှာ အမြဲတမ်းရှိနေတယ်ဆိုတာ သိစေဖို့ အင်တာနက်ခေတ်ကြီးမှာ သင်ချစ်တဲ့သူကို မကြာခဏ သတိရကြောင်း စာပို့သင့်ပါတယ်။ စာပို့တယ်ဆိုတဲ့နေရာမှာ ရှည်လျားတဲ့ ချစ်ဋီကာဖွင့်ခန်းမျိုးကို ဆိုလိုတာမဟုတ်ဘဲ အခု ဘာတွေလုပ်နေလဲ ဒါမှမဟုတ် သူ ကြိုက်လောက်မယ်ထင်တဲ့ ဟာသဗီဒီယိုဖိုင်တွေ၊ Memes တွေ ပို့တာမျိုးကို ဆိုလိုတာဖြစ်ပြီး သင်က အမြဲတမ်း သူမကို စိတ်ထဲမှာ ထည့်ထားတယ်ဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ သိစေနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။`

Featured Image Photo: The Fearless Man