အမြဲတမ်း ချစ်ကြောင်း လွမ်းကြောင်းတွေပဲ ပြောနေရတာ ငြီးငွေ့စရာကောင်းမှာပါ။ တစ်ခါတစ်လေမှာ မတူညီတဲ့ ခေါင်းစဉ်လေးတွေလည်း ပြောဖို့လိုတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်ရင်း ၊ မတူညီတဲ့အမြင်တွေ နှီးနှောဖလှယ်ရင်း ၊ ငြင်းခုန်အဖြေရှာကြရင်းနဲ့ပဲ နားလည်မှု ၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။  ဒီတစ်ခေါက်မှာတော့ ပျော်ရွှင်တဲ့သမီးရည်းစားဆက်ဆံရေး ပိုင်ဆိုင်ထားကြသူတွေ အမြဲအလေးထား တိုင်ပင်ပြောဆိုဖြစ်ကြတဲ့ Topic လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အနာဂတ်အိပ်မက်

Photo : Her Way

ချစ်သူဘဝမှသည် မောင်တစ်ထမ်းမယ်တစ်ရွှက် အိမ်ထောင်ရှင်ဘဝအထိ ရည်မှန်းထားတယ်ဆိုရင်တော့ အနာဂတ်အိပ်မက်တွေအကြောင်း ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ အနာဂတ်အိပ်မက်တွေ အကြောင်း အပြန်အလှန်မျှဝေခြင်းဟာ တွဲလက်ခိုင်မြဲပြီး ရေရှည်တည်တန့်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်သလို နှစ်ဉီးသားရှေ့ဆက်လျောက်ရမယ့် ချစ်ခရီးလမ်းအတွက် ခွန်အားတွေများစွာရစေမှာဖြစ်ပါတယ်။

(၂) ငွေကြေး

Photo : BuzzFeed

ချစ်သူစုံတွဲတွေကြားမှာ ငွေကြေးဆိုင်ရာကိစ္စကလည်း အလေးနက်ထားဆွေးနွေး တိုင်ပင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ချစ်သူသက်တမ်းနုနယ်ချိန်မှာ ငွေကြေးဆိုင်ရာ ကိစ္စတွေက မပြောပလောက်ဘူးဆိုပေမယ့် ကြာလာတာနဲ့အမျှ အငြင်းပွားရတာတွေအထိ ဖြစ်လာတက်ပါတယ်။  ငွေကြေးနဲ့ပတ်သတ်ရင် အစကတည်းက ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်မှုရှိမယ်ဆိုရင် အချစ်ရေးမှာ စိတ်ဖိစီးမှုအတော်လေးနည်းသွားပြီး ပျော်ရွှင်တဲ့ဆက်ဆံရေးကို ပုံဖော်နိုင်မှာသေချာပါတယ်။

(၃) အမှတ်တရများ

Photo : Men’s Health

အမှတ်တရတွေဆိုတာ ဘယ်အချိန်ပဲပြန်တွေးတွေး ကြည်နူးစရာ ၊ ပျော်ရွှင်စရာ ၊ လွမ်းမောစရာတွေနဲ့ ပြည့်နှက်နေတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းလေးတွေပဲ ဖြစ်ပါတယ်။ ချစ်သူရည်းစားတိုင်းမှာ မမေ့နိုင်စရာအမှတ်တရလေးတွေ ၊ ကိုယ်ပိုင်အမှတ်အသားလေးတွေဆိုတာလည်း ရှိကြတာပဲမဟုတ်လား။ ဒီလို ကြည်နူးစရာအမှတ်တရတွေအကြောင်း ပြန်လည်ဖော်ကြူးခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုမိုကြီးထွားစေပြီး ပျော်ရွှင်ရစေမှာပဲ ဖြစ်ပါတယ်။

(၄) ယုံကြည်မှု/ဘာသာရေး

Photo : Verywell Family

ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာရေးဆိုင်ရာ Topic တွေက ရှုပ်ထွေးပြီး အငြင်းပွားမှုကိုဖြစ်စေနိုင်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ ချစ်သူစုံတွဲတွေကြားမှာ ဒီလို ခေါင်းစဉ်မျိုးကလည်း သေချာပေါက် ပြောဆိုဆွေးနွေးသင့်တာပေါ့။ ကိုယ်ယုံကြည်ရာ/ ကိုးကွယ်ရာကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိတာက လူသားတိုင်းပိုင်ဆိုင်ထားတဲ့ အခွင့်အရေးတစ်ခုမဟုတ်လားဗျ။ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော်ကြား မတူကွဲပြားမှုတွေရှိနေရင်တောင် တစ်ဖက်လူရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားပေးရင်ပဲ စိတ်ချမ်းသာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကိုတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Couples Therapy Inc