ရာသီအပြောင်းအလဲမှာ လိုက်ဖက်တဲ့ ဖက်ရှင်အပြောင်းအလဲမျိုး ဝတ်ဆင်သင့်ပါတယ်။ ရာသီနဲ့ လိုက်တဲ့ ဝတ်စားဆင်ယင်မှု ရှိတာဟာ စမတ်ကျပြီး သားနားခန့်ညားတဲ့ လူတစ်ယောက်ဖြစ်စေတဲ့ အဓိက အချက်လည်း ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဆောင်းတွင်းမှာ ဆောင်သင့်ရှောင်သင့်တဲ့ အဝတ်အစား အသုံးအဆောင်တစ်ချို့အကြောင်း ဖြစ်ပါတယ်။

(၁) ခြေအိတ်မပါဘဲ ဖိနပ်စီးခြင်း

Photo: thegentlemansjournal

ဆောင်းတွင်းမှာ Sneaker ပဲ စီးစီး Shoe ပဲ စီးစီး ခြေအိတ်မပါဘဲ မစီးသင့်ပါဘူး။ Sockless စတိုင် ဖိနပ်စီးတာဟာ နွေဦးကာလလို ရာသီမျိုးမှာပဲ ဖြစ်သင့်ပါတယ်။ ဆောင်းပိုင်းမှာဆိုရင် သိုးမွေးခြေအိတ် ဝတ်ပြီးမှ ဖိနပ်စီးသင့်ပါတယ်။

နောက်တစ်ခုက Sneaker ထက်စာရင် Boot တွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။ အရမ်းအေးလေ Boot နဲ့ လိုက်ဖက်လေပါပဲ။ အချမ်းဓါဏ်ကိုလည်း ကာကွယ်နိုင်သလို ဖက်ရှင်ကျပြီး သက်တောင့်သက်သာလည်း ပိုရှိပါတယ်။

(၂) ရောင်စုံအဆင်တွေ ဝတ်ဆင်ခြင်း

Photo: Fashion Beans

တောက်တောက်ပပကြီးနဲ့ အပွွင့်ကွက်တွေ ၊ ကာလာစုံ အကွက်ထည်တွေဟာလည်း နွေရာသီမှာပဲ အဆင်ပြေပါတယ်။ ရာသီဥတု အေးနေချိန်မျိုးမှာ ဖလန်နယ်လို အရောင်မှိုင်းပြီး ပေါ့ပါးနွေးထွေးတဲ့ အထည်တွေ ဝတ်တာ ပိုကောင်းပါတယ်။

အဝတ်အစားတွေ ဝတ်ရာမှာလည်း အနွေးအင်္ကျီထူကြီးတွေ ဝတ်တာထက် စာရင် အပူချိန် အပြောင်းအလဲအလိုက် ချွတ်ဖို့ပြုဖို့ လွယ်စေမယ့် အထပ်အင်္ကျီတွေ ဝတ်ဖို့ပဲ အကြံပြုသင့်ပါတယ်။

(၃) အရောင်တောက်တဲ့ ဘောင်းဘီများ ဝတ်ခြင်း

Photo: Brick & Vine

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ဆောင်းတွင်းမှာ ဘောင်းဘီတွေကို ဝတ်ဆင်ရာမှာ တောက်ပတဲ့ အရောင်တွေထက် စာရင် အရောင်းမှိုင်းပြီး Mute ဖြစ်တဲ့ အငြိမ်ကာလာတွေ ဝတ်သင့်ပါတယ်။

(၄) လီနင်သားမျိုး ဝတ်ခြင်း

Photo: newchic

ပေါ့ပါးတဲ့ လီနင်လို ချည်တွေ ဝတ်တာဟာ ပူအိုက်တဲ့ ရာသီမှာပဲ ကောင်းပါတယ်။လီနင်ဟာ လေဝင်လေထွက်ကောင်းပြီး ပေါ့ပေါ့ပါးပါး အေးအေးလူလူ ဝတ်ချင်တဲ့ အချိန်မျိုးနဲ့ ပိုသင့်ပါတယ်။ ဆောင်းမှာတော့ ဖလန်နယ်လို ချည်သားခပ်ထူထူ ဝတ်ဖို့လိုပါတယ်။

(၅) ပတ်လည်စင်း ဆွယ်တာ ဝတ်ခြင်း

Photo: The Idle Man

ဆွယ်တာဟာ အေးမြတဲ့ ရာသီမှာ ဝတ်ဖို့အတွက် ထုတ်ထားတဲ့ အဝတ်အစားမျိုးပါ။ ပုံမှန်အားဖြင့် ဆွယ်တာဆို ပြီးရော ဝတ်လိုက်ကြတာ ဖြစ်ပေမယ့် တကယ်တမ်းမှာ ပတ်လည်စင်း Breton Striped ဆွယ်တာမျိုးတွေထက်စာရင် Pattern ဆွယ်တာလို့ ခေါ်တဲ့ သိုးမွေးချည်ထိုး ဆွဘ်တာတွေက ပိုပြီး ဖက်ရှင်ကျပါတယ်။