အလုပ်လက်မဲ့ဖြစ်သွားခြင်းဟာ တကယ်ကို ဆိုးဆိုးဝါးဝါး စိတ်ဖိစီးစေတဲ့ အရာပါ။ လူတော်တော်များများအတွက် အလုပ်ပြုတ်လာခြင်းဟာ ပြန်မပြောချင်တဲ့ အတွေ့အကြုံဆိုး ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်တစ်ခု မရှိတော့တာနဲ့ပဲ သင့်ဘဝကြီး ကပြောင်းကပြန်ဖြစ်သွားတော့မယ်လို့ မတွေးစေချင်ပါဘူး။အလုပ်မရှိဖြစ်နေတဲ့ အချိန်ကို အပြုသဘောဆောင်တဲ့ အပြောင်းအလဲအဖြစ် မြင်ပါ။ စိတ်ဓါတ်ကျနေမယ့်အစား ဖြစ်နိုင်ချေသစ်တွေ ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ အလုပ်အကိုင်တစ်ခု ပျောက်ဆုံးသွားချိန်မှာ အခုပြောတဲ့ အရာ ၅ မျိုးကို လိုက်နာဖို့ အကြံပေးချင်ပါတယ်။

(၁) အစီအစဉ်သစ် ဆွဲပါ

Photo: CNBC

အပြောင်းအလဲတွေကို ကောင်းကောင်းကြီး ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ အချိန်ယူပါ။ အလုပ်အကိုင်သစ် ရှာဖို့ ၊ လက်ရှိအနေအထားနဲ့ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ဖို့ ၊ ကိုယ်ရှေ့ဆက်ချင်တဲ့ ပုံစံကို ဖော်နိုင်ဖို့ အစီအစဉ်တစ်ခု လိုပါတယ်။ တစ်လအတွင်း အလုပ်အကိုင် မရရင် ဘာလုပ်မယ်ဆိုတာပါ အစီအစဉ်ထဲမှာ ထည့်ဆွဲရမှာ ဖြစ်ပါတယ်။

ဘယ်လိုအလုပ်မျိုး လုပ်မလဲ ၊ အလုပ်အကိုင် အပြောင်းအလဲအတွက် အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးမလဲ ၊ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကနေ ရှေ့လျှောက် ဘာတွေ လုပ်နိုင်မလဲ ၊ ကိုယ့်အနာဂါတ်မှာ ဘာတွေ ဖြစ်ချင်သလဲဆိုတာတွေကို အစီအစဉ်မှာ ချရေးရတော့မှာပါ။ တကယ်လို့ ကိုယ့်ခေါင်းထဲက အစီအစဉ်တွေက သိပ်မဟန်ရင်တော့ မိတ်ဆွေ ဆရာသမား စတဲ့ လေးစားယုံကြည်ရသူတွေဆီက အကြံဉာဏ်တောင်းသင့်ပါတယ်။

(၂) အလုပ်ပြောင်းဖို့ မကြောက်ပါနဲ့

Photo: Freepik

အလုပ်ပြုတ်လာတာကြောင့် စိတ်ထဲမှာ ထိခိုက်ခံစားခဲ့ရတာတွေကို မေ့ပစ်လိုက်ပါ။ ဒီစိတ်အနာကို သေချာကုစားလိုက်ပါ။ ပြီးရင်တော့ နောက်ထပ် ပိုကောင်းတဲ့ အလုပ်အကိုင်သစ်တစ်ခုကို ပြောင်းဖို့ လုပ်ပါ။ Resume ပိုကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိအောင် Update လုပ်ရမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်ထားတဲ့ ပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။

ရေးပြီးသား Resume လေး လှမ်းပို့ပြီး လျှောက်လိုက်တာထက် စာရင် အလုပ်ခေါ်စာကို သေသေချာချာ ဖတ်ပြီး သင့်အားသာချက်ကို အလုပ်လျှောက်လွှာမှာ အသေးစိတ် ပြနိုင်ရင် ပိုကောင်းပါတယ်။အရေးကြီးတာက ကိုယ်လျှောက်လိုက်တဲ့ အလုပ်နဲ့ ကိုယ်ပို့မယ့် Resume ဟာ တစ်ထပ်တည်း ကျနေဖို့ပဲ ဖြစ်ပါတယ်။

(၃) ဘာကိုမှ အများကြီး မျှော်လင့်မထားနဲ့

Photo: Freepik

အများကြီး မျှော်လင့်ချက်ထားရင် အကြီးကြီး ခံစားရနိုင်ပါတယ်။ အကောင်းအဆိုး အမျိုးမျိုး ဖြစ်နိုင်တဲ့ လောကကြီးမှာ စိတ်ပျက်စရာတွေကိုလည်း မျှော်လင့်ထားပါ။ အမြဲတမ်း အဆင်ပြေချင်မှ ပြေမယ်ဆိုတဲ့ သဘောကိုလည်း နားလည်ဖို့ လိုပါတယ်။ ဒါမှသာ လောကဓံကို ပိုပြီး ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။

အလုပ်ပြုတ်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်ဖို့တာမျိုး မလုပ်နဲ့။ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ် ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီးပြီလို့ပဲ လက်ခံလိုက်ပါ။ ရှေ့ဆက်ရမယ့် သင့်ခရီးကိုပဲ အာရုံစိုက်ပါ။ ပိုကောင်းတာတွေ ဆက်လုပ်နိုင်ဦးမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

(၄) သင်ယူမှုလုပ်ပါ

Photo: Freepik

သင်ကြားမှုဆိုတာ တစ်သက်လုံး လုပ်ရမယ့် အရာ ဖြစ်ပါတယ်။ အလုပ်က နားနေချိန်မှာ ကိုယ့်ရှေ့ရေးအတွက် လိုအပ်တဲ့ Skill သစ်တွေ သင်ယူဖို့ဆိုတာ ပိုလို့တောင် လိုပါတယ်။ အခွင့်အရေး ရနေတဲ့ အချိန်လို့ အကောင်းဘက်က တွေးပါ။ လိုအပ်တဲ့ ပညာတွေသင်ခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်တဲ့စိတ်ဖြစ်အောင် နှလုံးသွင်းထားတာ အကောင်းဆုံးပါပဲ။

(၅) ခရီးထွက်ပါ

Photo: Unsplash

အလုပ်လုပ်ခဲ့တုန်းက ပိုက်ဆံလေး ဘာလေး စုထားတာ ရှိရင် ခရီးထွက်ဖို့ တိုက်တွန်းချင်ပါတယ်။ သင်ကုန်းရုန်းရှာဖွေခဲ့တဲ့ ပိုက်ဆံကို သင့်စိတ်အာရုံ ကြည်လင်လန်းဆန်းစေပြီး ဘဝအဓိပ္ပါယ်ကို ပိုခံစားမိစေမယ့် နေရာတွေမှာ အသုံးချဖို့ မနှမြောပါနဲ့။ နယ်မြေသစ်တွေဆီ ခရီးထွက်ပါ။ အစားအသောက် အသစ်အဆန်းတွေ မြည်းစမ်းကြည့်ပါ။

အလုပ်မရှိတော့တာဟာ ဘဝတစ်ခု ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ နောက်အလုပ်တစ်ခု မလုပ်ချင်ရင်တောင် ကိုယ်ပိုင်အလုပ်တစ်ခု ထောင်ချင် ထောင်လို့ရပါတယ်။ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ကိုယ့်မှာ ရှိပြီးသားလည်း ဖြစ်ပါလိမ့်မယ်။ လုပ်ချင်တဲ့ စိတ်တစ်ခုရှိရင် ဖြစ်အောင် လုပ်ဖို့ပဲ လိုပါတယ်။