စိတ်ပင်ပန်းသွားတယ်ဆိုတာ ဒီနေ့လို မွန်းကြပ်ရှုပ်ထွေးလှတဲ့ခေတ်အဖို့ ကြားရတာ မဆန်းလှတော့ပါဘူး။ တစ်နေ့တစ်နေ့ ကြုံလိုက်ရတဲ့ စိတ်ပင်ပန်းစရာ ကိစ္စတွေအကြားမှာ ကျွန်တော်တို့တတွေဟာ ဟန်ချက်မျှအောင် နေထိုင်ရတာပါပဲ။ တစ်ခါတလေ ပေါက်ကွဲချင်စိတ်တွေ ဖြစ်လာတာလည်း ဓမ္မတာပဲလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း စိတ်ထဲရှိ ရှိသလို နေလို့မဖြစ်ပါဘူး။

အထူးသဖြင့် စိတ်တွေ ရှုပ်ထွေးနောက်ကျိပြီး Tension ဝင်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် Stress Level တိုးစေမယ့်အရာတွေ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။ ပထမဆုံးအချက်အနေနဲ့ ဒီနေ့ လုပ်ဖို့ စီစဉ်ထားတဲ့ အလုပ်တွေ မပြီးခင် ကိုယ့်အချိန်ဇယားမှာ နောက်ထပ်အလုပ်တွေ ထပ်မထည့်ပါနဲ့။ ဒီနေ့ လုပ်စရာတွေ အချိန်မီပြီးလောက်လား ချိန်ပါ။ ကိုယ့်အလုပ်ချိန်အပြင် စိတ်ရောလူပါ အနားယူနိုင်ဖို့ အချိန်တစ်ခုထားပြီး အလုပ်ကို နိုင်သလောက်ပဲ ပြီးအောင်လုပ်ဖို့ အစီအစဉ်ချပါ။

man feeling overwhelmed

Photo: Unsplash

နောက်တစ်ချက်ကတော့ စိတ်တွေရှုပ်ထွေးမွန်းကြပ်နေချိန်မျိုးမှာ ဆုံးဖြတ်ချက် မချဖို့ပါပဲ။ လူအတော်များများဟာ စိတ်ရှုပ်လွန်းမက ရှုပ်နေချိန်မှာ မလုပ်သင့်တဲ့ အလုပ်တွေ လုပ်မိတတ်၊ မချသင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။ ဒါဟာ အမှားတွေ လုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ် လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ ဒါကြောင့် အလုပ်ဖိအားသိပ်များနေချိန်မှာ ပြဿနာတွေ ထပ်မဖြစ်ရအောင် ဆုံးဖြတ်ချက်ချတာ ရှောင်ပါ။

စိတ်တွေ မွန်းကြပ်ပင်ပန်းနေချိန်မျိုးမှာ မလုပ်ဘဲ ရှောင်သင့်တဲ့အချက်က ခန္ဓာကိုယ်ထိခိုက်ပင်ပန်းစေမယ့်အရာတွေ မလုပ်ဖို့ပါပဲ။ ခန္ဓာကိုယ် အားနည်းပင်ပန်းနေချိန်မှာ စိတ်ကလည်း ပင်ပန်းလွယ်တတ်ပါတယ်။ ဒီတော့ စိတ်ပင်ပန်းနေချိန်မှာ ရုပ်ကိုပါ ဒုက္ခမပေးဖို့ လိုပါတယ်။ ရုပ်ရော စိတ်ပါ အနားပေးပါ။ အားမွေးပါ။ ဒါမှ စိတ်ပင်ပန်းမှုကို ရင်ဆိုင်ရာမှာ အားရှိမှာ ဖြစ်ပါတယ်။

man with grey jacket

Photo: Unsplash

နောက်တစ်ချက်ပြောချင်တာက စိတ်တွေ ရှုပ်ထွေးနေချိန်မှာ ကိုယ့်ကိုယ့်ကိုယ် Blocked Mode မှာ မထားပါနဲ့။ Blocked Mode ဆိုတာ ဘယ်သူနဲ့မှ မတွေ့ ၊ ဘယ်သူ့ဖုန်းမှ မကိုင် ၊ တစ်ယောက်တည်း နေချင်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာလည်း အဖြေတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မွန်းကြပ်မှုနယ်ပယ်ထဲကနေ ရုန်းထွက်ဖို့ ထွက်ပေါက်တစ်ခု လိုပါတယ်။ မိတ်ဆွေတွေနဲ့ စကားပြောတာ ၊ အပြင်ထွက် လေ့ကျင့်ခန်းလုပ်တာ နဲ့ လမ်းလျှောက်တာတွေ လုပ်တာမျိုးကို အကြံပေးလိုပါတယ်။

အတွေးနယ်ထဲပဲ မနေပါနဲ့။ အတွေးတွေ လွန်နေတာ ၊ အတွေးနွံထဲကနေ ရုန်းမထွက်နိုင်တာက စိတ်ရှုပ်ထွေးမှုကို ပိုဆိုးစေတဲ့ လောင်စာတွေပါပဲ။ စိတ်ရှုပ်နေတာ သက်သာဖို့ဆို Overthinking ဖြစ်တာကို လျှော့ပါ။ စိတ်ကို အတွေးတွေကနေ ရှင်းထုတ်နိုင်မယ့် နည်းလမ်းရှာပါ။ မဟုတ်ရင်တော့ အတွေးအမှောင်တွေထဲကနေ လမ်းရှာမတွေ့ဖြစ်သွားတတ်ပါတယ်။