ချမ်းသာကြွယ်ဝချင်သူတွေအတွက်တော့ သူဌေးတွေဟာ သင်ခန်းစာယူဖို့ ကောင်းတဲ့ ဆရာတွေပါ။ ဓနဥစ္စာကြွယ်ဝချမ်းသာသူတွေရဲ့ လမ်းစဉ် ၊ စိတ်နေစိတ်ထားနဲ့ သူတို့ရဲ့ နေထိုင်မှုပုံစံဟာ ချမ်းသာချင်သူတွေအတွက် လမ်းပြမြေပုံ ဖြစ်ပါတယ်။ ချမ်းသာသူတွေရဲ့ နေထိုင်ပုံကနေ ပညာယူပြီး အလုပ်အကိုင်ကို ဝီရိယထား ကြိုးစားမယ်ဆိုရင် ကိုယ်လည်း တစ်နေ့ ချမ်းသာလာနိုင်ပါတယ်။ဒီတစ်ခါမှာတော့ ချမ်းသာကြွယ်ဝတဲ့သူတွေရဲ့ ထူးခြားတဲ့ လူနေမှုပုံစံတွေထဲက မှတ်သားစရာ အချက်တစ်ချို့အကြောင်းကို မျှဝေချင်ပါတယ်။

(၁) တန်ဖိုးကြီး ပစ္စည်းတွေအတွက် ငွေကုန်မခံဘူး

Photo: Brightside.me

တကယ်ချမ်းသာသူတွေက ချမ်းသာတယ်ထင်အောင် သုံးမပြကြပါဘူး။ မတ်ခ်ဇူကာဘတ်ခ်ကို ကြည့်ပါ။ သူဟာ နေ့တိုင်း မီးခိုးရောင်တီရှပ် ဝတ်ပြီး အလုပ်လုပ်ပါတယ်။ Branded တွေ ဝတ်ဖို့ မစဉ်းစားပါဘူး။ သူ့သဘောကတော့ ခေါင်းထဲမှာ ဘာအဝတ်အစား ဝတ်ရမလဲ စဉ်းစားရင်းနဲ့ ခေါင်းရှုပ်မခံချင်တာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ဘီလျံနာကြီး ဘီလ်ဂိတ်စ်ကလည်း ဈေးကြီးကြီး ပစ္စည်းတွေထက် ဈေးသက်သာတဲ့ အသုံးအဆောင်တွေ ပိုသဘောကျသူပါ။ သူဝတ်နေတဲ့ Casio Illuminator W214H-1AB နာရီဆို ၂၄ ဒေါ်လာပဲ ကျသင့်တယ်လို့ ဆိုပါတယ်။ အရေးကြီးတာက အသုံးဝင်တဲ့ နေရာမှာ ပိုပြီး သုံးစွဲဖို့ ဖြစ်ပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေ စားတယ်

Photo: Brightside.me

ကမ္ဘာကျော် စာရေးဆရာနဲ့ ဟောပြောရေးသမား တိုနီရော်ဘင်စ်ဟာ ဒေါ်လာ ၅၀၀ ချမ်းသာပါတယ်။ ဒီလို မီလျံနာတစ်ယောက်ဟာ တန်ဖိုးကြီးဝိုင်နဲ့ အသားကင်တွေ စားနေမယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ သူဟာ တစ်နေ့ ၁၆ နာရီ အလုပ်လုပ်ရင်းကိုပဲ ကျန်းမာရေးနဲ့ ညီတဲ့ Diet ကို မပြတ်မကွက် စားသုံးသူ ဖြစ်ပါတယ်။ တိုနီရဲ့ Personal Trainer ရဲ့ အဆိုအရ သူဟာ ကြက်ဦနဲ့ အုန်းသီးပေါင်မုန့်ကို မနက်စာအဖြစ် စားတယ် ၊ နေ့ခင်းစာအဖြစ် ထောပတ်သီးနဲ့ အရွက်စိမ်းသုတ်ပွဲကြီး တစ်ပွဲစားပြီး ညစာကိုလည်း အော်ဂဲနစ်ပရိုတိန်းပါတဲ့ အာလူးနဲ့ အသီးအရွက်တွေ စားတယ်လို့ ဆိုပါတယ်။

(၃) နေ့စဉ်မှတ်တမ်း ထားတယ်

Photo: Brightside.me

ချမ်းသာတဲ့သူတွေဟာ အချိန်ကို ထိထိရောက်ရောက် အသုံးချသူတွေ ဖြစ်ပါတယ်။ တွမ်ကော်လီရဲ့ “ချမ်းသာတဲ့အကျင့်များ: ချမ်းသာကြွယ်ဝကြသူများရဲ့နေ့စဉ် အောင်မြင်ရေးအကျင့်များ” စာအုပ်မှာ ချမ်းသာသူနဲ့ ဆင်းရဲသူတွေရဲ့ ကွာခြားချက်ကို ထောက်ပြထားပါတယ်။ ချမ်းသာသူတွေရဲ့ ၈၁%ဟာ လုပ်ရကိုင်ရမယ့် စာရင်း နေ့စဉ်ထားရှိပြီး ဆင်းရဲသူတွေ ၁၉% မှာပဲ နေ့စဉ်လုပ်စရာစာရင်း ထားတယ်လို့ ဆိုပါတယ်။ နေ့စဉ်မှတ်တမ်း ထားရှိတာဟာ ချမ်းသာကြွယ်ဝသူတွေရဲ့ အဓိကအကျင့်တစ်ခုလို့ တွမ်က ယုံကြည်ပါတယ်။ တစ်နေ့တာ စာရင်းထဲမှာ လုပ်ကိုင်စရာတွေရဲ့ အနည်းဆုံး ၇၀% ကနေ ၈၀% အထိ ပြီးမြောက်နိုင်မယ့် အရာတွေ ပါသင့်ပါတယ်။ ညနေဘက်တွေမှာတော့ တစ်နေ့တာရဲ့ ရလဒ်ကို ပြန်သုံးသပ်ရတော့မှာပါ။

(၄) အလုပ်ချိန် ကန့်သတ်ထားပါတယ်

Photo: Brightside.me

အနားမရှိ တစ်နေ့လုံး အလုပ်လုပ်နေရုံနဲ့ ချမ်းသာတာ မဟုတ်ပါဘူး။ မူရေး နယူးလန်းစ်ဟာ ထိပ်ထိပ်ကြဲချမ်းသာပါတယ်ဆိုတဲ့ သူဌေးကြီးတွေနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ စွန့်ဦးတီထွင်သူ ၊ ရင်းနှီးမြှပ်နှံသူ ၊ စီးပွားရေး အကြံပေးသူနဲ့ ဟောပြောသူပါ။ သူ့အတွေ့အကြုံအရ ညနေဘက် အလုပ်မလုပ်တာဟာ တစ်နေကုန်အားစိုက်ပြီး အလုပ်လုပ်တာလိုပဲ အရေးကြီးတယ်လို့ ဆိုပါတယ်။
မူရေးကတော့ ညနေ ၆ နာရီနောက်ပိုင်း အလုပ်ကိစ္စတွေ ခေါင်းထဲက ထုတ်ထားတာ အကောင်းဆုံးပါတဲ့။ ညနေ ၆ နာရီနောက်ပိုင်းဆို အီးမေးလ်တစ်စောင်တောင် ပြန်မစစ်သင့်တော့သလို ဖုန်တစ်ချက်တောင် အလုပ်ကိစ္စနဲ့ စကားမပြောဖို့ အကြံပြုထားပါတယ်။

(၅) ဆက်ဆံရေးမှာ အလေးပေးတယ်

Photo: Brightside.me

ချမ်းသာသူတွေရဲ့ ၇၉%ဟာ အချင်းချင်း ဆက်သွယ်နေဖို့ တစ်လကို အနည်းဆုံး ၅ နာရီအချိန်ပေးကြတယ်လို့ ဆိုပါတယ်။ အောင်မြင်တဲ့သူတွေရဲ့ စကားဝိုင်းဟာ အတွေ့အကြုံတွေ မျှဝေရာ ဖြစ်သလို အကောင်းဆုံး စိတ်ကူးစိတ်သန်းတွေပါ ကြားသိနိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ချမ်းသာသူတွေဟာ အချင်းချင်း အဆက်အသွယ်မပြတ် ဖလှယ်ကြရင်းနဲ့ ပိုပြီး ချမ်းသာကြီးပွားမယ့် နည်းလမ်းတွေ ပိုပြီး မြင်တွေ့လာကြတာပါ။