အလုပ်အားတဲ့အချိန် လုပ်တတ်တဲ့ အပြုအမူ အလေ့အကျင့်လေးတွေဟာ လူတစ်ယောက်ကို ကြီးပွားအောင် နိမ့်ကျအောင် ထောက်ကူပေးနိုင်ပါတယ်။ လူတွေအကြား ထင်ရှားအောင်မြင်နေတဲ့သူတွေဟာ Weekends လို ရုံးပိတ်ရက်တွေမှာ အလုပ်နဲ့ အနားယူမှုကို ဟန်ချက်မျှအောင် ခွဲထားပြီး တစ်ပတ်လုံး ပင်ပန်းသမျှကို အားမွေးတတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးနဲ့ညွတ်တဲ့ အလေ့အကျင့်တွေ ဖန်တီးပြီး အားလပ်ချိန်ကို ကိုယ့်အတွက် အကျိုးရှိရှိ အသုံးချတတ်ပါတယ်။

ဒီတော့ အောင်မြင်သူတွေရဲ့ ရုံးပိတ်ရက်နေထိုင်နည်းကို ကျွန်တော်တို့ဘဝထဲမှာလည်း အတုယူအသုံးချခြင်းအားဖြင့် ကိုယ့်စွမ်းကိုယ်စကို မြှင့်တင်လိုက်ရအောင်ပါ။

(၁) စောစောထ ၊ စိတ်ကိုရှင်း

young-man-practice-yoga-beach-sunset

Photo: Freepik

ရုံးပိတ်ရက်ပဲ ။ အိပ်ရာထဲ အေးအေးဆေးဆေး နေမြင့်အောင် အိပ်လိုက်ဦးမယ်ဆိုတာမျိုးကို အောင်မြင်ထင်ရှားတဲ့သူတွေ လုပ်လေ့မရှိပါဘူး။ ညဘက် စောစောအိပ်ပြီး မနက်ဘက် အိပ်ရာစောစောထခြင်းဟာ လူကို ပိုနိုးကြားပြီး အလုပ်လုပ်နိုင်စွမ်း တက်တယ်ဆိုတာ သိလို့ ဖြစ်ပါတယ်။
မနက်အိပ်ရာစောစော ထပြီးရင် လုပ်တတ်တာက သွေးပူလေ့ကျင့်ခန်းတစ်ခုခု ဖြစ်တတ်ပါတယ်။ ဥပမာ _ မနက်ခင်း လမ်းလျှောက်တာမျိုး ၊ စက်ဘီးစီးတာမျိုး ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို အပြတ်မခံဘဲ ပုံမှန်လုပ်တဲ့သူတွေဟာ ကျန်းမာရွှင်လန်းတယ်။ စိတ်ဓါတ်ကြံ့ခိုင်ထက်သန်ပါတယ်။ တချို့ဆို အချိန်ပိုယူပြီး တရားထိုင်တာမျိုး လုပ်ပါတယ်။ တရားထိုင်တာက စိတ်ကျန်းမာရေး အားပေးပါတယ်။ စိတ်ဖိစီးတာ နည်းပြီး သွေးဖိအားကျစေပါတယ်။ ညဘက်တွေ အိပ်လို့ကောင်းပြီး အာရုံစူးစိုက်မှုပိုကောင်းစေပါတယ်။

(၂) Digital Detox လုပ်

side-view-man-jogging-beach

Photo: Freepik

Digital Detox လုပ်တယ်ဆိုတာ ရှင်းရှင်းပြောရရင် ရုံးပိတ်ရက်မှာ အင်တာနက်တွေ ၊ အလုပ်မေးလ်တွေ ၊ လူမှုကွန်ရက်တွေနဲ့ ကင်းအောင်နေတာကို ပြောတာပါ။ တချို့ဆို ဖုန်းမှာ Noti တွေ ခဏပိတ်ထားပြီး အချိန်အပိုင်းအခြားအလိုက် Airplane Mode နဲ့ နေတဲ့ အကျင့်လုပ်ထားပါတယ်။ သဘောက ရုံးပိတ်ရက်မှာ ဘာအတွက်မှ စိတ်ရှုပ်မခံဘဲ ကိုယ့်အတွက်ပဲ အချိန်ပေးထားတာပါ။

(၃) Analogue Activities တွေနဲ့နေ

man-reading-book

Photo: Freepik

Digital ခေတ်မှာ Analogue ဆန်ဆန် နေထိုင်တယ်ဆိုတာ ဘာနည်းပညာပစ္စည်းမှ မသုံးဘဲ ဝါသနာပါတဲ့အရာလေးတွေ လုပ်နေတာပါ။ ဥပမာ – Twitter CEO ဂျက်ဒေါ်ဆီဆို စနေနေ့မှာ Hiking ထွက်ပြီး ကမ္ဘာကျော် ရင်းနှီးမြှပ်နှံမှုသူဌေးကြီး ဝါရင်ဘတ်ဖတ်ကတော့ အားလပ်ချိန်မှာ Ukulele တီးပါတယ်။ တခြား အောင်မြင်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း အလုပ်နားတဲ့ ရက်တွေမှာ အလုပ်အကြောင်း မတွေးဘဲ ဥယျာဉ်ထဲမှာ နေတာ ၊ အားကစားလုပ်တာ ၊ လက်မှုပစ္စည်းလေးတွေ ဖန်တီးတာ ၊ စာရေးတာတို့ လုပ်ပါတယ်။

(၄) နောက်တစ်ပတ်အတွက် အစီအစဉ်ဆွဲ

unrecognizable-man-writing-plan-journal-gadgets-lying-around-desk

Photo: Freepik

“အောင်မြင်မှုအရှိဆုံး ပုဂ္ဂိုလ်တွေ ရုံးပိတ်ရက်မှာ ဘာလုပ်တတ်သလဲ” ဆိုတဲ့ စာအုပ်ကို ရေးတဲ့ လော်ရာ ဗန်ဒါခန်ကတော့ အောင်မြင်သူတွေဟာ တနင်္ဂနွေနေ့ကို ကိုယ့်ဘဝကို ပြန်အစီအစဉ်ဆွဲတဲ့နေ့လို့ ပြောပါတယ်။ တနင်္ဂနွေနေ့ရောက်ရင် လာမယ့်အပတ်အတွက် အစီအစဉ်ဆွဲဖို့ အချိန်သက်သက်ယူပါတယ်။ ရုံးတက်ရမယ့် တနင်္လာမှာ ဘာမှ ပျာယီးပျာယာမဖြစ်ရအောင် စနစ်တကျ စီစဉ်ထားတဲ့ သဘောပါ။ Twitter CEO ကတော့ တနင်္ဂနွေနေ့တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာ ၊ ဗျူဟာရေးဆွဲတာ ၊ အစီအစဉ်ချတာမျိုးလုပ်ဖို့ အချိန်ပေးတယ်လို့ ဆိုပါတယ်။