မြန်မာရိုးရာ နှစ်သစ်ကူးကာလဖြစ်တဲ့ မဟာသင်္ကြန်ပွဲတော် အချိန်အခါကို မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိလို့ လာတော့မှာပဲဖြစ်ပါတယ်။ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ကလေးအစလူကြီးအဆုံး ပျော်ရွှင်မဆုံးဖြစ်ကြပြီး နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောသန့်စင်ကာ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းကြတာပဲဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်ကြီးကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တန်ဖိုးထား ဂုဏ်ယူသင့်ပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဆိုတာ နိုင်ငံတကာကလည်း စိတ်ဝင်စားမှုများစွာ ရရှိထားတဲ့ပွဲတော်တစ်ခုဖြစ်တာကြောင့် သင်္ကြန်ပွဲတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမှာလည်း မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း လုံးဝရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) အရက်အလွန်အကျွံ မသောက်ပါနဲ့

Source : BroBible

သင်္ကြန်အချိန်အခါရောက်တဲ့အခါ ပျော်ရွှင်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အတူအရက်သောက်ခြင်းဟာလည်း ဓလေ့တစ်ခုအလား ကပ်ပါလာတတ်ပါတယ်။ လုံးဝမသောက်ပါနဲ့လို့ တားဆီးပိတ်ပင်ခွင့်မရှိပေမယ့် အရက်အလွန်အကျွံမသောက်ကြဖို့တော့ အကြံပြုချင်ပါတယ်။ အရက်အလွန်အကျွံသောက်သုံးတဲ့အခါ အပျော်ကနေ အပျက်ဖြစ်လာနိုင်သလို ကိုယ့်ရဲ့ကျန်းမာရေး အတွက်လည်း ဆိုးကျိုးတွေ များစွာဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) မူးရင်မမောင်းပါနဲ့

Source : allianceforsafekids.org

သင်္ကြန်အချိန်အခါမှာ ရေပက်ခံထွက်ကြတာကလည်း ချစ်စရာဓလေ့တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ်က ကားမောင်းသည်ဖြစ်စေ ၊ တခြားသော စက်တပ်ယာဉ်များမောင်းနှင်ပြီး ရေပက်ခံထွက်မယ်ဆိုရင်တော့ အရက်မသောက်တာ အကောင်းဆုံးပါ။ ကားပေါ်မှာလိုက်ပါလာတဲ့ လူတစ်ယောက်ချင်းစီရဲ့ အသက်အန္တရာယ်ဟာ ယာဉ်မောင်းတဲ့သူရဲ့ လက်ထဲမှာရှိတာကြောင့် တစ်ချက်မှားလိုက်တာနဲ့ ကိုယ်တင်မကပဲ ကိုယ်ပတ်ဝန်းကျင်က ချစ်ရသူ ၊ ခင်ရသူတွေပါ အန္တရာယ်နဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ ဒါကြောင့် မူးရင်မမောင်းနဲ့ မောင်းရင်လည်းမမူးဖို့ သတိပေးပါရစေ။

(၃) ရန်မဖြစ်ပါနဲ့

Source : mensjournal.com

သင်္ကြန်မှာအားလုံးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းတာကောင်းပါတယ်။ အထက်မှာပြောခဲ့သလို အရက်၊ ဘီယာတွေသောက်စားထားကြတဲ့အခါမှာ အားလုံးက ပျော်ရွှင်တာထက်ပိုပြီး လုပ်ရဲကိုင်ရဲ ဖြစ်နေတက်ကြပါတယ်။ ဒါကြောင့်လည်း သင်္ကြန်မှာ ရန်ပွဲတွေ ထိခိုက်ဒဏ်ရာရသူတွေ အများကြီးကြုံနေကြရတာဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားခြင်းဟာ သင်္ကြန်ရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေသလို ကိုယ့်အတွက်လည်း အန္တရာယ်ရှိစေနိုင်တာကြောင့် ရန်ဖြစ်ချင်းကိုရှောင်ကြဉ်ပါလို့ အကြုံပြုချင်ပါတယ်။

(၄) အမျိုးသမီးတွေကို ကာအိနြေ္ဒပျက်ပြားအောင် စနောက်ခြင်းမပြုပါနဲ့

Source : The Daily Edge

အိုးမဲသုတ်တာတွေ မုန့်လုံးရေပေါ်ထဲ ငရုပ်သီးထည့်ကျွေးတာတွေဟာ သင်္ကြန်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို ကာအိနြေ္ဒထိခိုက်စေမယ့် စကားတွေ ၊ အပြုမူတွေနဲ့ စနောက်ခြင်းတွေကိုတော့ မပြုလုပ်မိဖို့ ဆင်ခြင်ရပါမယ်။ သင်္ကြန်ပွဲတော်ကို အမျိုးသား အမျိုးသမီးမခွဲခြားဘဲ အားလုံးအတူတူ ပျော်ရွှင်စွာဖြတ်သန်းကြမယ်ဆိုရင် ကမ္ဘာနိုင်ငံအသီးသီးတွေကပါ မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ဟာ ဘယ်လောက်ထိယဉ်ကျေးသိမ့်မွေ့စွာနဲ့ ပျော်စရာကောင်းတယ်ဆိုတာ သိလာနိုင်မှာဖြစ်ပါတယ်။

(၅) သရုပ်ပျက်အဝတ်အစားများ မဝတ်ဆင်ပါနဲ့

Source : pinterest.com

ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ သင်္ကြန်ပွဲတော်ကို လည်ကတုံး၊ တိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီတို့နဲ့ ဘယ်သူမှလည်ပတ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရမ်းကိုကြည့်ရဆိုးပြီး သရုပ်ပျက်လောက်တဲ့ အဝတ်အစားတွေကိုတော့ မဝတ်ဆင်သင့်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပြီး ဖက်ရှင်လည်းကျမယ့် အဝတ်အစားလေးတွေကိုသာ ဝတ်ဆင်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။