ယနေ့ခေတ်လူနေမှုပုံစံတွေအရ အများစုဟာ မနက်ခင်းမှာ မနက်စာကောင်းကောင်းစားဖို့အတွက် အချိန်သိပ်ပေးလေ့ မရှိကြတော့ပါဘူး။ မနက်စာကို သေချာအချိန်ပေးမစားကြပဲ ဖြစ်သလိုစားလိုက်ကြသလို လုံးဝမစားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ မနက်စာက လူတစ်ယောက်အတွက် အရေးကြီးနေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက အချက်တစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာကြောင့် မနက်စာမစားပဲ မနေသင့်တာလဲဆိုတဲ့ အကြောင်းပြချက်တွေကို မျှဝေပေးချင်ပါတယ်။

Source : Freepik

(၁) တက္ကဆက်ပြည်နယ်ဆေးရုံမှ အကြီးတန်းဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် Kristi King ရဲ့အဆိုအရ မနက်စာမစားတဲ့သူတွေဟာ အင်ဆူလင် ခုခံနိုင်စွမ်းကျဆင်းခြင်း နှင့် ဟော်မုန်းအပြောင်းအလဲတွေကြောင့် Type 2 ဆီးချိုရောဂါဖြစ်နိုင်ခြေများပြီး တခြား အဝလွန်ခြင်း ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ဆိုပါတယ်။

(၂) မနက်ခင်းမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ မနက်စာကောင်းကောင်းမစားထားဘူးဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏကို ကောင်းစွာထောက်ပံ့မပေးနိုင်တဲ့အတွက် အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း အားအင်ကုန်ခမ်းခြင်းတွေ ခံစားရနိုင်ပါတယ်။

(၃) မနက်စာ မစားပဲနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏအပေါ် အကျိုးသက်ရောက်မှုရှိစေပြီး တစ်ချိန်တည်းမှာတင် ဆာလောင် မွတ်သိပ်မှုနဲ့ စိတ်ခံစားမှုမကောင်းတဲ့ အချက်တွေဖြစ်လာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျဆင်းလာတဲ့အခါ လူကဒေါသထွက်လွယ်မယ် စိတ်တိုစိတ်ရှုပ်လွယ်မယ် စသည်ဖြင့် မကောင်းတဲ့စိတ်ခံစားမှု အခြေအနေတွေဖြစ်လာနိုင်ပါတယ်။

 

Source : Freepik

(၄) မနက်စာကို ကျော်လိုက်တဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ ဆာလောင်မွတ်သိပ်မှုကိုခံစားရစေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံတွေ ဖြစ်လာနိုင်ခြေများပါတယ်။ ဥပမာအားဖြင့် သကြားပါဝင်မှုများတဲ့အစားအစာတွေ အချိုလွန်ကဲတဲ့အစားအစာတွေကို ပိုစားချင်စိတ်ဖြစ်လာပြီး အလွန်အကျွံစားသုံးမိတဲ့အခါမှာ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းကို ဦးတည်လာမှာဖြစ်ပါတယ်။

(၅) ဦးနှောက်နဲ့ မှတ်ဉာဏ်ဆိုင်ရာ သုတေသနပညာရှင်တွေရဲ့အဆိုအရတော့ မနက်စားမစားခြင်းဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကိုကျဆင်းစေပြီး မကြာခဏမေ့မေ့လျော့လျော့ဖြစ်တာ ၊ မှတ်မိရခက်တာ ၊ အာရုံစူးစိုက်လို့မရတာ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကျဆင်းတာ စတဲ့ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်တယ်လို့ဆိုပါတယ်။

(၆) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တဲ့အဓိကအကြောင်းအရင်းတွေထဲမှာ မနက်စာရှောင်တာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရက်ရှည်လများ မနက်စာမစားပဲနေမယ်ဆိုရင် အသားအရေ ပျက်စီး ၊ အရေပြားဆဲလ်များပျက်စီးခြင်း ၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

Source : Freepik

(၇) မနက်စာက ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနေတဲ့ အဓိကပင်မအရင်းအမြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မနက်စာရှောင်မယ်ဆိုရင် ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးတဲ့ ကိုယ်ခံအား ဆဲလ်များကို အားနည်းစေတာကြောင့် မကြာခဏဖျားနာခြင်း နေထိုင်မကောင်းခြင်းတွေဖြစ်လာနိုင်ပါတယ်။