အခုလို တိုးတက်လာတဲ့ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ လူတွေက ထိုင်ပြီးအလုပ်လုပ်လာကြတာများပါတယ်။ အထိုင်များခြင်းဟာ ရေတို ရေရှည်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အများကြီး သက်ရောက်မှုရှိနေပါတယ်။ အထိုင်များခြင်းဟာ သေစေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ကိုယ်အလေးချိန်တက်စေတယ်

Source: Source: Healthline

အဆီနဲ့ သကြားဓာတ်တွေ ချေဖြတ်နိုင်ဖို့အတွက် ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင်ခန်းလုပ်ခြင်းမရှိဘဲ တစ်နေကုန်ထိုင်နေခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်။ ပြီးတော့ အစာခြေစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ အချိန်အကြာကြီး ထိုင်နေရတဲ့ အမျိုးသားတွေမှာ ပုံမှန်လူထက်ပိုပြီး ဝိတ်တက်မြန်လေ့ရှိပြီး အန္တရာယ်ရှိတဲ့ အဆီတွေဗိုက်မှာစုမိစေတယ်လို့ ဆိုထားပါတယ်။

ဦးနှောက်ကို ထိခိုက်စေတယ်

Source: Studio 44 Pilates

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကို လှုပ်ရှားတယ်ဆိုတာ ဦးနှောက်ထဲကို သွေးနဲ့အောက်ဆီဂျင်တွေကောင်းကောင်းလည်ပတ်နိုင်အောင်လို့ပါပဲ။ အထိုင်များတဲ့လူတွေကျတော့ ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်ရောက်အောင် မပို့နိုင်တာကြောင့် ပုံမှန်မတွေးခေါ်နိုင်တော့ဘဲ လုပ်ရည်ကိုင်ရည်ကျလာပါတယ်။

ကျောကုန်းကို ထိခိုက်စေတယ်

Source: Medical News Today

လူတော်တော်များများ ခါးနာခါးကိုက်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အထိုင်များတာကြောင့်ပါပဲ။ အထိုင်များရင် ခါးနာမယ်။ ကျောရိုးအောင့်မယ်။ ဗိုက်အောင့်မယ်။ လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းက ခါးရိုးထဲမှာရှိတဲ့ အရိုးဆက်လေးတွေကိုလှုပ်ရှားစေတာပြီး အထိုင်များရင် ခါးရိုးဆက်လေးတွေ လှုပ်ရှားမှုနည်းတာကြောင့် ခါးနာ၊ ကျောအောင့်ဖြစ်စေပါတယ်။

ကြွက်သား နာကျင်စေမယ်

Source: Healthline

ထိုင်နေမယ်ဆိုရင် ဝမ်းဗိုက်ကြွက်သားတွေကို လှုပ်ရှားဖို့မလိုပါဘူး။ အဲဒီလိုဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုဘဲ အချိန်အကြာကြီးနေမယ်ဆိုရင် လူက လေးလံထိုင်းမှိုင်းလာပြီး ကြွက်သားနာကျင်မှုတွေ ဖြစ်လာစေပါတယ်။ နောက်ပြီးအထိုင်များခြင်းက လှုပ်ရှားမှုကိုကန့်သတ်ထိန်းချုပ်ထားတာကြောင့် ခါးနဲ့ကျောရိုးကြွက်သားတွေမှာလည်း နာကျင်စေပါတယ်။