ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ပတ်သက်ပြီး စစ်တမ်းထုတ်မှုတစ်ခုက စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေ တွေ့ရှိထားပါတယ်။ အဲ့ဒါကတော့ အမေရိကန်လူမျိုးတွေရဲ့ ၃၁% ပဲ ပျော်ရွှင်ကြပြီး ပျော်ရွှင်မှုရဲ့ ၄၀% က ဖန်တီးယူထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပျော်ရွှင်တယ်ဆိုတာ အောင်မြင်မှု ရနေတာပါပဲ။ ဘဝရဲ့ အရည်အသွေးတွေ မြင့်တင်နိုင်တဲ့ နည်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ချင်ကြပေမယ့် အခုပြောတဲ့ အရာတွေ လုပ်မိပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခု မဖြစ်အောင် ကန့်သတ်ထားမိတတ်ကြပါတယ်။

(၁) မနှစ်သက်တဲ့ အလုပ်ကို လုပ်နေရတာ

Photo: Freepik

လူ့ဘဝရဲ့ အနည်းဆုံး ၃၀% ဟာ အလုပ်လုပ်ရင်း ကုန်ဆုံးသွားတာပါ။ လူအများစုအတွက် အလုပ်ဆိုတာ ငွေရတဲ့ နေရာတစ်ခုလောက်ပဲ တွေးထားကြပေမယ့် တကယ်တမ်းမှာ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ ဘဝနေနည်းတစ်ခုအတိုင်း နေနိုင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ် ချစ်မြတ်နိုးတဲ့ အလုပ်ကို လုပ်နေရင် ဘဝဟာ ပိုပျော်ဖို့ ကောင်းပါတယ်။ လစာနည်းရင်အောင် စိတ်ချမ်းသာရပါလိမ့်မယ်။

(၂) တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေတာ

Photo: Freepik

ကြောက်ရွံ့မှုဟာ လူ့သဘာဝတစ်ခုလို ဖြစ်နေပါတယ်။ ရှင်သန်နိုင်ဖို့ အန္တရာယ်ရှိတဲ့ အရာတွေကို ကြောက်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် လူအများစုဟာ ဘာမှမဟုတ်တဲ့ ကြောက်စိတ်နဲ့ နေထိုင်ရင်း ကိုယ့်ဘဝလေး ပျော်ရွှင်ချမ်းမြေ့ဖို့ကို ပြန်ဒုက္ခပေးမိတတ်ပါတယ်။
သင့်ရဲ့ သောကကို သေချာပြန်ကြည့်ပါ။ ယုတ္တိမရှိတာတွေ စိုးရိမ်နေလို့ ဘာအကျိုးမှ မထူးပါဘူး။ သောကနည်းအောင်နေသူဟာ ပိုပြီး ပျော်ရပါတယ်။ ပျော်ချင်ရင် သိပ်ပြီး အပူအပင် မထားပါနဲ့လို့ အကြံပေးချင်ပါတယ်။

(၃) မျှော်လင့်ချက် များလွန်းတာ

Photo: Freepik

ကျွန်တော်တို့ကို မပျော်ရွှင်စေတဲ့ အကြောင်းတွေထဲက တစ်ခုက ဆုပ်ကိုင်ထားဖို့ ကြိုးစားချင်တဲ့ စိတ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျှော်လင့်ချက်တွေ ရှိရင် ပိုပြီး ဆုပ်ကိုင်မိတတ်ပါတယ်။ ကိုယ်မျှော်လင့်ထားတာတွေ မရရင် နာကျင်ဝမ်းနည်းရပါတယ်။ ဒီတော့ အရမ်း မျှော်လင့်မထားဖို့ လိုပါတယ်။

(၄) အတိတ်မှာ မွေ့လျော်တာ

Photo; Freepik

အတိတ်ဆိုတာ ကျန်ခဲ့ပါပြီ။ ဒါပေမယ့် လူတွေဟာ ကျန်ခဲ့တဲ့ အတိတ်မှာပဲ တဝဲလည်လည် နေထိုင်ရင်းနဲ့ ပစ္စုပ္ပန်ကမ္ဘာကြီးနဲ့ သဟဇာတ ကင်းသွားတတ်ပါတယ်။ အတိတ်ဆိုတာ ဝမ်းသာကြည်နူးစရာ ၊ ဝမ်းနည်းကြေကွဲစရာ အကုန်ဖြစ်ပျက်ခဲ့ပြီးတဲ့ ဗလာကွင်းပြင်ကြီး ဖြစ်ပါတယ်။ ဒီအချိန်ကနေ ရပ်ကြည့်ရင်လည်း ကိုယ့်စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ပုံရိပ်ယောင် ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွေပဲ မြင်တော့မှာ ဖြစ်ပြီး ဘာကိုမှ ဖမ်းဆုပ်လို့ မရတော့ပါဘူး။
မရှိတော့တဲ့ အရာတွေနဲ့ အတူ ရှိနေတာဟာ အန္တရာယ်ကြီးပါတယ်။ တကယ်ပျော်ချင်တယ်ဆိုရင် အတိတ်ကို စွန့်လွှတ်ချန်ထားပြီး ပစ္စုပ္ပန်ဘဝရဲ့ အကောင်းဆုံးရသကို ထုတ်ယူဖို့ လိုပါတယ်။

(၅) သူများနဲ့ နှိုင်းယှဉ်တာ

Photo: regpaq

ငယ်ငယ်ကတည်းက ကျွန်တော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် တစ်ခြားသူတွေနဲ့ အနှိုင်းယှဉ်ခံခဲ့ရပါတယ်။ အရွယ်ရောက်လာချိန်မှာလည်း ရုပ်ရည် ၊ လစာ ၊ အောင်မြင်နဲ့ စတဲ့ စတဲ့ အချက်အလက်တွေကို အခြေပြုပြီး တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်မိတတ်ပါတယ်။ ဒီလို နှိုင်းယှဉ်လိုက်လို့ စိတ်ထဲ မြောက်ကြွခြင်း ၊ ဆင်းရဲပင်ပန်းခြင်းက လွဲပြီး ဘာမှ ရလိုက်တာ မဟုတ်ပါဘူး။
သင့်ကိုယ်သင် သူများနဲ့ နှိုင်းယှဉ်မိတဲ့ အကျင့်ကို ဖျောက်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအကျင့်ဟာ သင့်ကို စိတ်အားလျော့စေပြီး အချိန်ကုန် လူပန်း ဖြစ်စေဖို့အပြင် ဘာကောင်းကျိုးမှ မပေးတာကို နားလည်ပြီး လက်တွေ့ဘဝမှာ ပိုမိုတိုးတက်ကောင်းမွန်ဖို့သာ ရှေးရှုနေသင့်ပါတယ်။