ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနေတဲ့ ပင်မစနစ်ကြီးတစ်ခုဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဂရုတစိုက်နေထိုင်မှသာ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှတော့ ကိုယ်ခံအားကောင်းဖို့ ထွေထွေထူးထူးလုပ်စရာမလိုဘဲ နေ့စဉ်လူနေမှု့ဘဝမှာ တစ်ချို့ အရာတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကိုယ်ခံအားကောင်းစေမယ့် အရာလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) အိပ်ချိန်တွေပြောင်းလဲပါ

Source : Shutterstock

ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုရင် အိပ်စက်ခြင်းက အဓိကပြောင်းလဲရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်ပဲနေနေမိတယ်ဆိုရင် ဒီနေ့ကစပြီး ပြောင်းလဲပါ။ ည ၁၁ နာရီလောက်နောက်ဆုံးထားပြီး အိပ်ယာဝင်သင့်ပါတယ်။ ညဘက်စောစောအိပ်ပြီး တစ်ရက်ကိုအနည်းဆုံး ၈ နာရီအိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်က ကောင်းမွန်လာမှာသေချာပါတယ်။

(၂) စားသောက်မှုပုံစံပြောင်းလဲပါ

Source : Shutterstock

နေ့စဉ်အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အခုချိန်မှာ ဝိတ်ချဖို့အစားရှောင်တာတွေ အချိန်မှန်မှန်မစားတာတွေ အစားအသောက်ချေးများတာတွေကို ရှောင်ပြီး ခန္ဓာကိုယ်အတွက်အာဟာရပြည့်ဝစေမယ့်အစားအစာတွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွှင် သစ်သီးဝလံတွေ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား နွားနို့ဥအမျိုးမျိုး အစေ့အဆန်တွေ စသဖြင့်စုံစုံလင်လင်စားပေးသင့်ပါတယ်။

(၃) စိတ်ကိုပြောင်းလဲပါ

Source : Shutterstock

စိတ်ဖိစီးခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကိုအကောင်းဆုံး ပြုပြင်ပြောင်းလဲပါ။ တော်ရုံစိတ်ဖိစီးစေမဲ့ အရာတွေကိုရှောင်ကျဉ်ပါ။ စိတ်တည်ငြိမ်အေးချမ်းစေဖို့ အိပ်ခါနီးအချိန်မှာ ၁၅ မိနစ်လောက် တရားထိုင်တာ ဝင်လေထွက်လေမှတ်တာ ယောဂကစားတာမျိုးတွေပြုလုပ်သင့်ပါတယ်။စိတ်ဖိစီးမှုကင်းရင် နေရထိုင်ရပေါ့ပါးပြီး စိတ်ကျန်းမာရွှင်လန်းနေမှာဖြစ်ပါတယ်။

(၄) မကျန်းမာတဲ့အလေ့အထတွေကိုပြောင်းလဲပါ

Source : Shutterstock

ကိုယ့်ရဲ့တစ်နေ့တာမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ မကျန်းမာခြင်းအလေ့အထတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဥပမာ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းစတဲ့ မကျန်းမာခြင်းအလေ့အထတွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ဆေးလိပ် အရက်သောက်သုံးခြင်းက ကိုယ်ခံအားစနစ်ကိုကျဆင်းစေနိုင်တာကြောင့် လုံးဝမသောက်တာကောင်းပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးမယ်ဆိုရင် ကျန်းမာကြံ့ခိုင်ပြီး တော်ရုံရောဂါပိုးတွေဝင်ရောက်နိုင်မှာမဟုတ်တော့ပါဘူး။