ပြီးခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဝင်တန်းအောင်စာရင်းရလဒ်တွေ ထွက်လာပြီဖြစ်တာကြောင့် အောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသားတွေအနေနဲ့ အခုချိန်ကတည်းက အနာဂတ် Plan တစ်ခုကို သေချာစွာတွေးထားဖို့လိုပါပြီ။ စာရေးသူတို့ကိုယ်တိုင် ဆယ်တန်းအောင်စာရင်းထွက်ပြီးတဲ့နောက်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိပဲ အချိန်တွေတော်တော်ဖြုန်းခဲ့ဖူးပါတယ်။

ဒါကြောင့် တက္ကသိုလ်ဝင်တန်းစားမေးပွဲအောင်မြင်ပြီးတဲ့နောက် ကျောင်းသားလူငယ်တွေအနေနဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။

(၁) လမ်းကြောင်းတစ်ခု ရွေးချယ်ပါ

Source : cloriviere.paris

ကိုယ်တကယ် ရူးရူးသွပ်သွပ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပါ။ သူများ ယောင်လို့လိုက်မယောင်ပါနဲ့။ အသက် ၁၆ ၊ ၁၇ အရွယ်လူငယ်တော်တော်များများ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခု မှန်မှန်ကန်ကန်ချဖို့ခက်ခဲတဲ့အပြင် အပေါင်းအသင်းလည်းမင်တာကြောင့် သူငယ်ချင်းတွေက ဘယ်လမ်းကြောင်းကောင်းတယ်ဆိုတာနဲ့ လိုက်ပြီး နားယောင်တတ်ကြပါတယ်။

ဒါကြောင့် ကိုယ်တကယ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခုကို ဗဟုသုတနဲ့ အတွေ့အကြုံကြွယ်ဝတဲ့ လူကြီးသူမတွေနဲ့ တိုင်ပင်ပြီး သေချာရွေးချယ်ပါ။

(၂) အခြေခံကျတဲ့ သင်တန်းတွေ တက်ပါ

Source : michaelscottbrick.com

ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းကြောင်းတွေ အရမ်းကိုများသလို လေ့လာသင်ယူစရာ သင်တန်းတွေကလည်း မှိုလိုပေါက်နေပါတယ်။ အဆိုပါသင်တန်းတွေများစွာထဲကမှ ကိုယ့်ဘဝအတွက် လက်တွေ့အသုံးဝင်နိုင်မယ့် တကယ့်ကို အခြေခံကျတဲ့ သင်တန်းလေးတွေ ရွေးချယ်တက်သင့်ပါတယ်။

ဥပမာ Computer သင်တန်း ၊ General English 4 Skill သင်တန်း ၊ Personal Development သင်တန်း အစရှိသဖြင့် ကိုယ့်ဘဝတစ်လျောက်လုံးအတွက် အသုံးဝင်စေမယ့် သင်တန်းမျိုးတွေကို ရွေးချယ်တက်သင့်ပါတယ်။

(၃) စာအုပ်ဖတ်ပါ

Source : wou.edu.my

လူငယ်သဘာဝ သူငယ်ချင်းတွေနဲ့ အပြင်လျောက်လည်ချင်မယ် ပျော်ချင်ပါးချင်မယ်ဆိုပေမယ့်လည်း စာအုပ်စာပေကိုတော့ လုံးဝမေ့ဖျောက်ထားလို့မရပါဘူး။ အောင်စာရင်းထွက်ပြီးနောက်ပိုင်း တက္ကသိုလ်မတက်ခင်ဆက်ကြားမှာ လေး ငါး ခြောက်လလောက် အချိန်တွေ အားလပ်နေတာမလို့ စာအုပ်များများဖတ်ဖို့လိုအပ်ပါတယ်။

စာအုပ်စာပေဆိုတာ အကောင်းဆုံးဗဟုသု တရပေးစွမ်းနိုင်တဲ့ အရာတွေဖြစ်သလို ဘဝအတွက် ဝမ်းစာဖြည့်တင်းပေးတဲ့အရာတစ်ခုလည်း ဖြစ်တာကြောင့် အားလပ်ချိန်တွေမှာ စာအုပ်ဖတ်ဖို့ကိုလည်း အကြံပြုချင်ပါတယ်။

(၄) လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားပါ

Source : Foundation for Individual Rights in Education

အများစုက အဖြူနဲ့အစိမ်းကျောင်းသားဘဝကို ကျောင်းနဲ့ အိမ် ၊ အိမ်နဲ့ကျောင်းသာ ဖြတ်သန်းခဲ့ရတဲ့အတွက် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ရင်နှီးကျွမ်းဝင်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ဘယ်မှမသွားရဲမလာရဲ မလုပ်ရဲမကိုင်ရဲနဲ့ လူတောသိပ်မတိုးတဲ့ အဖြစ်တွေ ဆယ်ကျော်သက်ကျောင်းသားအများစုမှာရှိကြပါတယ်။

ဆယ်တန်းပြီးတဲ့နောက် တက္ကသိုလ်တွေ ၊ အလုပ်ခွင်တွေမှာ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံလာရမှာဖြစ်တာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူဝင်ဆံ့သူတစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါကြောင့် လူမှုအဖွဲ့အစည်းတွေ ၊ ပရဟိတအသင်းအဖွဲ့တွေမှာ အချိန်ရရင်ရသလိုပါဝင်လှုပ်ရှားပါ။