(၂၀၂၀) ခုနှစ်ကြီးကုန်ဆုံးဖို့ကလည်း တဖြေးဖြေးနီးကပ်လာပြီဖြစ်ပါတယ်။ နှစ်တစ်နှစ် ကုန်ဆုံးမသွားခင်မှာ ကိုယ့်အနေနဲ့ ဘာတွေတိုးတက်လာလဲ ယခုနှစ်တွေထက်ဘာတွေပြောင်းလဲသွားလဲဆိုတာကို အမြဲဆန်းစစ်နေဖို့လိုအပ်ပါတယ်။ ဒီနေ့ပြောပြပေးမယ့် အချက်လေးတွေကတော့ ၂၀၂၁ ခုနှစ် နှစ်သစ်ကိုမရောက်မီအချိန်အတွင်း တိုးတက်ပြောင်းလဲတဲ့သူတစ်ယောက်ဖြစ်စေဖို့ လူတိုင်းလုပ်ဆောင်သင့်တဲ့ အရာလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

(၁) စာအုပ် (၁၀) အုပ်ဖတ်ပါ

Source : Envato Elements

လက်ရှိအချိန်မှာ Covid – 19 ရောဂါအန္တရာယ်ကိုကာကွယ်ဖို့ အိမ်မှာနေရင်း အပျင်းလည်းပြေ ဗဟုသုတလည်းတိုးစေဖို့ စာအုပ်ဖတ်ခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။၂၀၂၀ ကုန်ဖို့ ၃ လလောက်ကျန်သေးတာဆိုတော့ တစ်လကို ၃ အုပ် (သို့) ၄ အုပ်နှုန်းနဲ့ ဖတ်မယ်ဆိုရင် နှစ်ကုန်အထိ အနည်းဆုံးစာအုပ် (၁၀) အုပ်တော့ ဖတ်ဖြစ်နိုင်ပါတယ်။ အားလပ်ချိန်များများရတဲ့ အခုလိုအချိန်မှာ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေပဲဆော့မယ့်အစား စာအုပ်ကောင်းလေးတွေဖတ်ကြည့်သင့်ပါတယ်။

(၂) TED Talk ကြည့်ပါ

Source : Lucky Polls

TED Talk Show ဆိုတာကမ္ဘာတစ်ဝှမ်းက အသိပညာဗဟုသုတဖြစ်စရာ အကြောင်းအရာတွေများစွာကို တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်ပါတယ်။ အိမ်မှာနေရင်း ကမ္ဘာကြီးပေါ်ကတိုးတက်ပြောင်းလဲနေတဲ့အရာတွေ နည်းပညာတွေ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စိတ်ခွန်အားစေရမယ့်အကြောင်းအရာတွေကို တစ်နေရာထဲမှာကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် TED Talk ဗီဒီယိုလေးတွေကို တစ်နေ့လျှင် မိနစ် (၂၀) လောက်အချိန်ပေးပြီး ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။

(၃) အွန်လိုင်းလေ့လာမှုတွေပြုလုပ်ပါ

Source : The Learning People Blog

လေ့လာသင်ယူမှုတွေနဲ့ အဆက်မပြတ်ရှိနေခြင်းကလည်း သင့်ဘဝတိုးတက်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ အပြင်သင်တန်းတွေ တက်ဖို့ မဖြစ်နိုင်ပေမယ့် အွန်လိုင်းပေါ်ကနေတော့ လေ့လာလို့ရနိုင်ပါတယ်။ သင်ဟာ အင်တာနက်ရှိရုံ ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ်သိချင်တဲ့ပညာရပ်တွေကို လေ့လာလို့ရတဲ့ခေတ်ကြီးမှာ နေထိုင်နေတာဖြစ်တဲ့အတွက် အားလပ်ချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်တွေ ဘာသာစကားအသစ်တွေကို အွန်လိုင်းပေါ်ကနေ အမြဲလေ့လာသင်ယူနေသင့်ပါတယ်။

(၄) ပိုက်ဆံစုပါ

Source : 123RF

၂၀၂၀ ရဲ့ ကုန်ဆုံးခဲ့တဲ့ လတွေမှာ ပိုက်ဆံစုဖြစ်ခဲ့ပါသလား။ အကယ်၍မစုဖြစ်ခဲ့ဘူးဆိုရင်တော့ အခုချိန်ကစပြီး ပိုက်ဆံစုဖို့ အကြံပြုချင်ပါတယ်။ အိမ်မှာနေတဲ့အချိန်တွေမှာ သွားစရိတ်လာစရိတ်တွေ ကုန်ကျစရိတ်တွေက သိသိသာသာလျော့နည်းသွားတဲ့အတွက် အရင်ကထက်စာရင် ပိုက်ဆံစုဖို့ အခွင့်အရေးပိုများပါတယ်။ ဒါကြောင့်အခုချိန်ကစပြီး တကယ်မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ခံတာမျိုးတွေကိုရှောင်ကျဉ်ပြီး ၂၀၂၀ ရဲ့ ကျန်နေသေးတဲ့ လတွေမှာ ပိုက်ဆံစုသွားသင့်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ

Source : Shutterstock

Self Confidence ဟာသင့်ဘဝတိုးတက်ပြောင်းလဲရာမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ မွေးရာပါအရည်အချင်းမဟုတ်တဲ့ အတွက် သင့်အနေနဲ့ အချိန်ယူပြီးတည်ဆောက်ဖို့လိုအပ်ပါတယ်။ Self Confidence မြင့်ဖို့ဆိုရင် အကောင်းမြင်စိတ်ထားတာ အတွေးလွန်မှုတွေထိန်းချုပ်ရပ်တန့်တာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင်ထိန်းသိမ်းတာ စိန်ခေါ်မှုတွေနဲ့စွန့်စားမှုတွေကိုလုပ်ဆောင်တာ စတဲ့အရာတွေလုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ကြည့်ပါ။