အမျိုးသားတိုင်းလိုလို မုတ်ဆိတ်ရိတ်တာနဲ့ ပတ်သက်ပြီး သတိမမူမိလို့ ဖြစ်စေ ၊ အရေးကြီးကိစ္စပေါ်လာလို့ အလျင်အမြန်လုပ်လိုက်ရတာပဲဖြစ်စေ မျက်နှာတစ်ဝိုက်မှာ မတော်တဆဓားရှသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ မုတ်ဆိတ်ရိတ်ရင်း မတော်တဆဓားထိသွားတဲ့ ဒဏ်ရာဟာ ကြီးကြီးမားမားမဟုတ်ပေမယ့်လည်း စပ်ဖျင်းဖျင်းနဲ့ တကယ်ကိုခံရခက်စေပါတယ်။

ဓားဒဏ်ရာက သေးတယ်ဆိုပေမယ့်လည်း မျက်နှာအရေပြားဆိုတာ ခန္ဓာကိုယ်မှာ အနုနယ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ မုတ်ဆိတ်ရိတ်ရင်း မတော်တဆဓားထိသွားတဲ့အခါ ချက်ချင်းပြုလုပ်ပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Source : shoppingcartusa.com

အဆင့် (၁) – မုတ်ဆိတ်ရိတ်ရင်း မတော်တဆဓားထိသွားတဲ့အခါ ရှေးဦးစွာ ဒဏ်ရာကို ရေဖြင့်သန့်စင်သွားအောင် ဆေးကြောပေးပါ။ မမြင်နိုင်တဲ့ ပိုးမွှားအန္တရာယ်ကို ပိုမိုကာကွယ်ချင်တယ်ဆိုရင် ဆပ်ပြာပျော့တစ်မျိုးမျိုးသုံးပြီး ဆေးကြောပေးလို့ရပါတယ်။

အဆင့်(၂) – ဒဏ်ရာကို ရေခြောက်အောင် သုတ်ပေးပါ။ သွေးထွက်နေသေးတယ်ဆိုရင်တော့ သွေးတိတ်အောင် သန့်စင်တဲ့ တစ်ရှုး သို့မဟုတ် ဂွမ်းစလေးတွေနဲ့ ဒဏ်ရာကို ခဏလောက် ဖိထားပေးပါ။

Source : Epiphany Dermatology

အဆင့် (၃) – သွေးတိတ်သွားပြီဆိုရင်တော့ ဒဏ်ရာအနီးတစ်ဝိုက်ကို ရေခဲတုံးဖြင့် ညင်သာစွာပွတ်ပေးပါ။ ရေခဲတုံးနဲ့ ပွတ်ပေးခြင်းအားဖြင့် ဒဏ်ရာတစ်ဝိုက် နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။

အဆင့်(၄) – နောက်ဆုံးအနေနဲ့ကတော့ ရောဂါပိုးမွှားတွေ မဝင်နိုင်အောင် ဒဏ်ရာကို အနာကပ်ပလာစတာလေးတစ်ခု ကပ်ထားပေးပါ။ မုတ်ဆိတ်ရိတ်ရင်း ဓားထိတဲ့ ဒဏ်ရာဆိုတော့ ကြီးကြီးမားမားမဟုတ်တဲ့အတွက် တစ်နာရီလောက်နေရင်တော့ ပလာစတာကို ပြန်ခွာလိုက်လို့ရပါပြီ။

Source : freepik.com

အထက်ပါ အဆင့် (၄) ဆင့်ကတော့ အမျိုးသားတွေ မုတ်ဆိတ်ရိတ်ရင်း ဓားထိမိတဲ့အခါမှာ ချက်ချင်းကိုပြုလုပ်ပေးသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒါမှလည်းဒဏ်ရာဟာ ရောဂါပိုးဝင်တာမျိုးတွေမဖြစ်တော့ဘဲ အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် မှန်ကန်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။အချိန်အားဖြင့်လည်း အများဆုံး (၁၅) မိနစ်ထပ်ပိုမကြာတာကြောင့် သင့်ရဲ့ မျက်နှာနုနုလေးကို နည်းစနစ်မှန်ကန်စွာနဲ့ အကောင်းမွန်ဆုံး ဂရုစိုက်လိုက်ပါနော်။