စကားများရန်ဖြစ်ခြင်းသည် သမီးရည်းစားဆက်ဆံရေး (သို့) လင်မယားဆက်ဆံရေးကို ပိုမိုခိုင်မြဲလာအောင် လုပ်ဆောင်ပေးနိုင်သလို တဖြည်းဖြည်းအနေဝေးပြီး မုန်းလာအောင်လည်း ဖန်တီးပါတယ်။ ထိုဖြစ်နိုင်ချေနှစ်ခုသည် ရန်ဖြစ်ပြီးနောက်ပိုင်း ဘယ်လိုပြန်လည်အောင် ညှိနှိုင်းယူသလဲဆိုတဲ့အချက်ပေါ် အများကြီး မတူတည်ပါ။
ရန်ဖြစ်ပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက်က မောက်မောက်မာမာတွေ ဆက်ဆံနေမယ် မာနချင်းပြိုင်နေမယ်ဆိုရင်တော့ သင်တို့ဆက်ဆံရေးသည် တဖြည်းဖြည်းတင်းမာလာပြီး တစ်ယောက်နဲ့တစ်ယောက် သွေးအေးသွားပါလိမ့်မယ်။
အနေဝေးမသွားချင်ဘူး။ ရန်ဖြစ်ပြီးနောက်ပိုင်း အချစ်တွေ ပိုမိုခိုင်မြဲလာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းများကို အသုံးချနိုင်ပါတယ်။
မြန်မြန် ပြန်ချော့ပါ

Photo Source: Elitedaily.com
အကြီးအကျယ် စကားများ ရန်ဖြစ်ပြီးနောက်မှာလည်း တစ်ယောက်နဲ့တစ်ယောက်က အကြာကြီး စိတ်မဆိုးရပါဘူး။ နေ့မကူးခင် မြန်မြန်ပြန်ချော့ရပါမယ်။ နို့မဟုတ်ရင် တစ်ရက်၊ နှစ်ရက်ကနေ တစ်သက်လုံးစာ ဝေးသွားပါလိမ့်မယ်။
သူ ကိုယ့်အတွက် လုပ်ပေးခဲ့တာတွေကို ပြန်မြင်ယောင်ကြည့်ပါ

Photo Source: Projecthotmess.com
နှစ်ယောက်သား စိတ်ဆိုးနေတဲ့အချိန်မှာ ကိုယ့်ကောင်မလေးက ကိုယ့်အတွက် ပြုလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်မြင်ယောင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သူ့ကို ဆိုးနေတဲ့စိတ်ကလေးက ပြန်လည်နူးညံ့ပျော့ပျောင်းသွားပြီး သူ(မ)အပေါ် သနားစိတ်ဝင်လာပါလိမ့်မယ်။
ကိုယ့်ကောင်မလေးဘက်ကနေ ဖြည့်တွေးပါ

Photo Source: Psychalive.com
နှစ်ဦးသား ရန်ဖြစ်ရခြင်းအကြောင်းအရင်းက ကိုယ့်ဘက်ပဲ ကိုယ်ကြည့်လို့ဖြစ်ပါတယ်။ ရန်ဖြစ်လို့ ဝသွားပြီဆိုရင်တော့ ကိုယ့်ကောင်မလေးဘက်ကနေ ပြန်ပြောင်းတွေးကြည့်လိုက်ပါ။ ဒါဆိုရင် သူ(မ) ဘယ်လိုခံစားရမလဲဆိုတာ သိလာပါလိမ့်မယ်။
ဘယ်လိုမှ စိတ်လျော့လို့မရတဲ့အခါ တစ်ယောက်တည်း နေကြည့်ပါ

နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့နေချိန် ဒေါသလျော့မရဘူးဆိုရင် ခဏတဖြုတ်လောက်ကလေး ကိုယ့်ဘာသာ နေကြည့်ပါ။ သင်တို့နှစ်ယောက်က အတူနေတယ်ဆိုရင်တော့ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊ ရေသွားချိုးတာပဲဖြစ်ဖြစ် ခေါင်းအေးအေးထားနိုင်ဖို့အတွက် အချိန်ယူလိုက်ပါ။ ထိုကဲ့သို့ တစ်ယောက်တည်းနေရခြင်းသည်လည်း သူ(မ)ကြောင့် မဟုတ်ဘဲ စိတ်ပြန်တည်ငြိမ်စေချင်လို့ဖြစ်ကြောင်း ရှင်းပြပါ။
စိတ်ပျော်အောင်နေပါ

သင်က စိတ်ပျော်အောင်နေမှ သင့်ကောင်မလေးကို ဘယ်လိုပြန်ချော့ရမလဲဆိုတာ သိမှာပါ။ နို့မဟုတ်ရင် သင့် မျက်နှာသုန်သုန်မှုန်မှုန်နဲ့ဆို ခေါင်းရှုပ်ပြီး စိတ်ညစ်နေရပါလိမ့်မယ်။ ကိုယ့်ကောင်မလေးကို ပန်းစည်းလေး ပေးပြီးပဲ ချော့ချင်သလား။ ချောကလက်လေး ဝယ်ပေးပြီးပဲ စစ်ပြေငြိမ်းချင်သလား။ နည်းလမ်းတွေက အများကြီးပါပဲ။ အဓိကကတော့ ကိုယ့်ကောင်မလေး ဘာကြိုက်တတ်သလဲဆိုတာ သိဖို့ပါပဲ။ ကိုယ့်ကောင်မလေးအကြိုက်ကို သိရင် အချိန်မရွေး ပြန်ချော့လို့ရပါတယ်။ ပြီးတော့ သင့်ဘက်က မှားမှား မှန်မှန် တောင်းပန်စကားဆိုဖို့ မမေ့ပါနဲ့။
ဒါဆိုရင်တော့ သင်တို့ရဲ့သမီးရည်းစားဆက်ဆံရေး (သို့) မိမိအိမ်ထောင်ဖက်ကြား ဆက်ဆံရေးသည် အရင်ကထက် ပိုမိုနွေးထွေးပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုနားလည်သွားပါလိမ့်မယ်။
Source: Bustle.com
