ဘဝကြီးမှာ ရှင်သန်နေထိုင်ရတာ အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရတယ် ဆိုရင် သင့်ကိုယ်သင် ပြန်လည်ဂရုစိုက်ဖို့လိုအပ်နေပါပြီ။ ဒီလိုခံစားနေရတာ ရက်ကြာလာပြီဆိုရင် သင့်မှာ စိတ်ကျရောဂါ ခံစားရနေနိုင်ပါတယ်။
ထိုအချိန်မှာ သင့်စိတ်ဝိညာဉ်ကို ပြန်လည်ကုစားဖို့ လိုအပ်နေပါပြီ။ အပေါင်းအသင်းမိတ်ဆွေများနဲ့ ရင်ဖွင့်တိုင်ပင်ပါ။ အားပေးစကားရယူပါ။ စိတ်ဓာတ်ကို ဟိုးအောက်ဆုံးထိ ဆွဲမချလိုက်ပါနဲ့။ မိမိကိုယ်ကိုယ် ထိခိုက်စေမယ့် မည်သည့်အရာကိုမှလည်း မပြုလုပ်မိပါစေနဲ့။
လက်ရှိအချိန်မှာ ပျော်အောင်နေပါ
လောကကြီးမှာ သင် ဘယ်လောက်အထိ အသက်ရှင်နေနိုင်ရမလဲဆိုတာ မသိနိုင်သလို သင် စီစဉ်ထားသမျှအရာတွေကလည်း ဖြစ်လာနိုင်တာလည်း ရှိသလို အစီအစဉ်တွေ ပျက်စီးလွဲချော်တာမျိုးလည်း ရှိနိုင်ပါတယ်။ စက္ကန့်ပိုင်းအတွင် ဘာဖြစ်လာမယ်မှန်းမသိတဲ့ဘဝမှာ ဘယ်အရာကိုမှ ကြိုတင်ပူပန်မနေပါနဲ့။ အတိတ်ကာလကလည်း ပြီးသွားပါပြီ။ အနာဂတ်ကိုလည်း သင် မပိုင်ဆိုင်ပါဘူး။ သင် ပိုင်ဆိုင်တဲ့ ပစ္စုပ္ပန်ကာလမှာ သင့်ကို ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ပါးပါးနေထိုင်ပါ။ ဝမ်းနည်းစရာရှိရင် အားရပါးရ ငိုချလိုက်ပါ။
ဘာကိုမှ မမျှော်လင့်ပါနဲ့
အခြားသူတစ်ယောက်ကို ဂရုစိုက်ခြင်း၊ ချစ်ခြင်း၊ ကူညီခြင်း စတဲ့အပြုအမူတွေ ပြုမူတဲ့အခါ သူတို့ဆီက ဘယ်အရာကိုမျှ ပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကမ္ဘာကြီးက အချစ်တွေကို လိုအပ်ပါတယ်။ သင် ပေးနိုင်သလောက်သာ ပေးလိုက်ပါ။
ရည်ရွယ်ချက်ဖြင့် အသက်ရှင်ပါ
ဘာ့ကြောင့်ဆိုတဲ့ သင့်ရဲ့ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား သိဖို့လိုအပ်ပါတယ်။ ထိုအရာသည် သင့်ကို စွမ်းအင်တွေ ဖြည့်တင်းပေးမှာဖြစ်ပြီး အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ လောင်စွာတွေ ရရှိစေပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ကို မသိဘူးဆိုရင် တစ်နေကုန်လုံး အကြောင်းပြချက်မဲ့စွာ အလုပ်ရှုပ်နေမှာပါ။
ဥပမာ သင် အလုပ်လုပ်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ သင် ဘာ့ကြောင့် သင့်ကောင်မလေးနဲ့ လက်တွဲထားတာလဲ စတဲ့အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ပါ။
ကိုယ် ချစ်တဲ့အရာများကို နေ့စဉ် ပြုလုပ်ပါ
စာအုပ်ဖတ်တာ နှစ်သက်တယ်ဆိုရင် စာအုပ်ဖတ်ဖြစ်အောင် အချိန်ပေးပါ။ မိသားစုများနှင့် အချိန်ပေးပါ။ ကခုန်ခြင်းကို ဝါသနာပါတယ်ဆိုရင် အက ကလပ်ကို Join ပါ။ ရေကူးခြင်းကို နှစ်သက်ပါက ရေကူးအသင်းကို Join ပါ။ သင် နှစ်သက်တဲ့အရာတွေကို များများ ပြုလုပ်လေ သင် ပိုပျော်ရွှင်ရလေပါပဲ။
ကိုယ့်မှာရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ
ကျေးဇူးသိတတ်တဲ့ နှလုံးသားသည် အဓိပ္ပာယ်ပြည့်စုံသော ဘဝကို ဖန်တီးပေးပါတယ်။ နေပူ၊ မိုးရွာတဲ့အချိန်မှာ နားခိုစရာ အိမ်အရိပ်လေးတစ်လုံးရှိတယ်ဆိုရင် ထိုအရာအတွက် ကျေးဇူးတင်လိုက်ပါ။ တစ်နေ့လျှင် ထမင်း နပ်မှန်အောင် စားရတယ်ဆိုရင် ထိုအရာအတွက် ကျေးဇူးတင်လိုက်ပါ။ ကိုယ့်မှာ ရှိတဲ့အရာတွေအတွက် ကျေးဇူးတင်စိတ်ရှိမယ်ဆိုရင် မြောက်မြားစွာသော အရာတွေသည် သင့်ထံမှာ တဖြည်းဖြည်း စုပုံလာပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်မှာ မရှိတဲ့အရာတွေကိုပဲ တွေးတောပြီး စိတ်ညစ်နေမယ်ဆိုရင်တော့ သင့်ဆီမှာ ဘာမှ ရှိလာမှာမဟုတ်ပါဘူး။
မိမိကိုယ်ကို အဆက်မပြတ်တိုးတက်အောင် ပြုလုပ်ပါ
အခြားသူတွေ ဘာလုပ်နေသလဲဆိုတာကိုပဲ လိုက်စပ်စုပြီး မနာလိုဝန်တိုစိတ်ရှိနေမယ်ဆိုရင်တော့ သင့်ရဲ့ကိုယ်ပိုင်တိုးတက်မှုအတွက် အာရုံစူးစိုက်နိုင်မှာမဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်တိုးတက်မှုအတွက် အချိန်ပေးပါ။ ကိုယ့်ကိုယ့်ကိုယ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။
Source: Medium.com