ဖြတ်သန်းခဲ့တဲ့ အလုပ်ပိတ်ရက်တွေမှာ ပြည့်ပြည့်ဝဝအနားယူခဲ့မိရဲ့လားဆိုတာ ကိုယ့်ကိုယ့်ကိုပြန်ဆန်းစစ်ကြည့်ဖူးပါသလား။ တစ်နေ့ကုန် ဆိုရှယ်မီဒီယာတွေသုံးနေတာမျိုး အချိန်တော်တော်များများ အိပ်စက်နေတာမျိုးကို ကောင်းစွာအနားယူတယ်လို့ မဆိုနိုင်ပါဘူး။ ပိတ်ရက်မှာ စိတ်ရော ခန္ဓာကိုယ်ကိုပါ ပြည့်ပြည့်ဝဝအနားယူမှသာ နောက်ထပ်အလုပ်တွေများစွာကို အားအင်အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် ဒီတခေါက်မှာတော့ Sunday အားလပ်ရက်မှာ စိတ်ရော ခန္ဓာကိုယ်ကိုပါ ပြည့်ပြည့်ဝဝအနားယူနိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) မနက်စာကောင်းကောင်းပြင်ဆင်ပါ


Source : 123RF.com

အများစုက ရုံးတက်ရက်မှာ အချိန်မရလို့ အလုပ်နောက်ကျမှာဆိုးလို့စတဲ့ အကြောင်းပြချက်တွေကြောင့် မနက်စာကိုဖြစ်သလိုစားမိတဲ့ နေ့တွေကများပါတယ်။ တကယ်တော့ မနက်စာဆိုတာ နေ့တစ်နေ့ကို စတင်ဖို့အတွက်များစွာသော စွမ်းအင်တွေကို ပေးတာကြောင့် အာဟာရပြည့်ဝတဲ့ မနက်စာကောင်းကောင်းကိုစားသင့်ပါတယ်။ ဒါ့ကြောင့်အလုပ်ပိတ်ရက်မှာ မနက်စာအတွက်အချိန်သေချာပေးပြီး အာဟာရရှိတဲ့ မနက်စာကိုစားခြင်းဖြင့် အားလပ်ရက်တနေ့တာကို အစပြုပါ။

(၂) ၁၅ မိနစ်ခန့်တရားထိုင်ပါ

Source : Urban Massage

လူတိုင်းလူတိုင်းအတွက် တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး စိတ်ရောကိုယ်ပါ အေးချမ်းမှုကိုခံစားရစေတဲ့အခိုက်အတန့်မျိုး မဖြစ်မနေလိုအပ်ပါတယ်။ စိတ်ရှုပ်စရာလူမှုရေးကိစ္စတွေ စိတ်မချမ်းမြေ့ဖွယ်သတင်းစကားတွေ အလုပ်ရဲ့ဖိအားတွေက နေ့စဉ်ဘဝထဲမှာ အမြဲလည်ပတ်နေတဲ့အရာတွေဖြစ်တာကြောင့် ဒီအရာတွေကိုခဏတာမေ့ဖျောက်ပြီး စိတ်ရောကိုယ်ပါအေးချမ်းစေဖို့ ၁၅ မိနစ်ခန့်တရားထိုင်ပေးသင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်နဲ့ခန္ဓာကို အေးချမ်းမှုရစေတဲ့ အကောင်းဆုံးနည်းလမ်းပါ။

(၃) အခန်းသန့်ရှင်းရေးလုပ်ပါ

Source : ClutterBug Podcast

အားလပ်ရက်တစ်နေ့တာ အချိန်တွေထဲက တစ်နာရီလောက်ကို ကိုယ့်ရဲ့အခန်း သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ အခန်းသန့်ရှင်းရေးလုပ်တာက စိတ်ဖိစီးမှုတွေလျော့ကျသက်သာစေနိုင်သလို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ အခန်းလေးက သင့်ရဲ့စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။ ကိုယ့်အခန်းထဲက ပစ္စည်းတွေကို နေရာတကျပြန်ရွေ့ပြီး ပုံစံပြောင်းကြည့်ပါ ၊ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ရှင်းထုတ်လိုက်ပါ။

(၄) မိသားစုကိုအချိန်ပေးပါ

Source : Ashley Lee Healing

မိသားစုဆိုတာကလည်း သင့်ဘဝအတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ မိသားစုအတွက်လည်း အချိန်ခွဲပေးသင့်ပါတယ်။ မိသားစုနဲ့အတူ အရသာရှိတဲ့ အစားအသောက်တွေချက်ပြုတ်စားတာ ရုပ်ရှင်ကြည့်တာ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရလေးတွေပြန်ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါကလည်း အားလပ်ရက်မှာ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေမယ့် အကောင်းဆုံးအပန်းဖြေနည်းတစ်မျိုးဖြစ်စေမှာပါ။

(၅) ညနေခင်းလေ့ကျင့်ခန်းလုပ်ပါ

Source : Pinterest

တစ်နေ့တာလုံးကို အဓိပ္ပါယ်ရှိတဲ့အရာလေးတွေလုပ်ဆောင်ပြီး ပေါ့ပေါ့ပါးပါးအနားယူ ဖြတ်သန်းပြီးပြီဆိုရင်တော့ ညနေခင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။ လမ်းလျောက်ခြင်း ပြေးခြင်း စက်ဘီးစီးခြင်းစတဲ့ မိမိနှစ်သက်ရာလေ့ကျင့်ခန်းတစ်ခုခုကို နာရီဝက်လောက်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်လက်ပေါ့ပါးစေပြီး ညဘက်မှာလည်းကောင်းစွာအိပ်ပျော်စေနိုင်တာကြောင့် နောက်နေ့ရုံးပြန်တက်တဲ့အခါ လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။