ဒီကာလဟာ လူတိုင်းလိုလိုစိတ်ဖိစီးမှုများနေတဲ့ အချိန်ကာလတစ်ခုပါ။ နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ဘက်ပေါင်းစုံမှာ အဆင်မပြေမှုတွေများစွာရှိနေတဲ့အတွက် ပုံမှန်ထက်တော့ စိတ်ဖိစီးမှုတွေများနေကြတာအမှန်ပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုတွေ အရမ်းများနေတယ်လို့ ခံစားရတဲ့အခါ စိတ်ပေါ့ပါးသွက်လက်သွားစေဖို့ လုပ်ပေးသင့်တဲ့အရာလေးတွေကိုပြောပြပေးချင်ပါတယ်။
(၁) အတွေးတွေကိုပြန်သုံးသပ်ပါ

Photo : Freepik
တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အတွေးတွေကပဲ ကိုယ့်ကိုစိတ်ဖိစီးမှုတွေ ပိုခံစားရစေနိုင်ပါတယ်။ အတွေးဆိုတာ ချဲ့ရင်ချဲ့သလို ကျယ်ပြန့်တက်ပြီး တွေးရင်တွေးသလောက်ခရီးရောက်တာပဲ မဟုတ်လား။ ဒီတော့ဖြစ်မလာသေးတဲ့အနာဂတ်ကိုတွေးပူတာ ၊ ပြီးခဲ့တဲ့အတိတ်ကိုပြန်တွေးပြီးသောကရောက်နေတာထက် လက်ရှိအခြေအနေကိုပဲအကောင်းဆုံး အာရုံစိုက်ထားရင် မလိုအပ်တဲ့အတွေးတွေနည်းသွားပြီး စိတ်ဖိစီးမှုတွေလည်းလျော့သွားစေမှာပါ။
(၂) လေ့ကျင့်ခန်းလုပ်ပါ

Photo : Freepik
လေ့လာမှုတွေအရ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် စိတ်ဖိစီးမှုနည်းကြပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ပေးသင့်ပါတယ်။
(၃) တစ်ခုခုထလုပ်ပါ

Photo : Freepik
အလုပ်လုပ်ရင်းဖြစ်စေ ဆိုရှယ်မီဒီယာသုံးရင်းဖြစ်စေ စိတ်တွေရှုပ်ထွေးပြီး စိတ်ဖိစီးလာတယ်ဆိုရင်တော့ လုပ်လက်စအရာတွေကို လွတ်ချပြီး တစ်ခြားသောတစ်ခုခုကို ထလုပ်သင့်ပါတယ်။ ဥပမာ လမ်းလျောက်ထွက်တာ ၊ အကြော့လျော့တာ ၊ စားစရာတစ်ခုခုချက်ပြုတ်တာ ၊ ကော်ဖီဖျော်တာ ၊ စာအုပ်ဖတ်တာစသည်ဖြင့်ပေါ့။ ဒါဟာစိတ်ဖိစီးမှုကိုအာရုံလွဲတဲ့နည်းတစ််မျိုးဖြစ်ပါတယ်။
(၄) မှတ်စုစာအုပ်မှာချရေးပါ

Photo : Freepik
မကြာခဏ စိတ်ဖိစီးမှုခံစားရလေ့ရှိတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်အနားမှာအမြဲမှတ်စုစာအုပ်တစ်အုပ်ထားသင့်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါတိုင်းမှာ ဘယ်အရာတွေက သင့်ကိုစိတ်ဖိစီးမှုဖြစ်စေတယ် ၊ သင်အနေနဲ့ ဘာတွေခံစားနေရတယ်ဆိုတာကို စာအုပ်မှာချရေးလိုက်ပါ။ ဒီနည်းဟာ ရှုပ်ထွေးမွန်းကြပ်နေတဲ့စိတ်တွေကို အချိန်တိုအတွင်း ပေါ့ပါးသွက်လက်သွားစေမှာဖြစ်ပါတယ်။
