အိပ်မက်တွေ ရှိနေသရွေ့တော့ ဘဝမှာ ဆက်ပြီး ရုန်းကန်လှုပ်ရှားနေရဦးမှာပါပဲ။ လူတိုင်းအတွက် အခက်အခဲဆုံးအချိန်ဟာ ကိုယ်သိပ်ဖြစ်ချင်ခဲ့တဲ့ အရာတွေကို လက်ထဲက လွှတ်ချချင်နေတဲ့ အချိန်တွေပဲ ဖြစ်မှာပါ။ ဆက်ပြီး မကြိုးစားချင်တော့ဘူး ။ လက်မြှောက်အရှုံးပေး (Give Up) လုပ်ချင်နေတယ်ဆိုတဲ့ စိတ်ဝင်လာရင် သင်မက်နေတဲ့ အိပ်မက်ဟာ အိပ်မက်အဆင့်မှာပဲ မှုန်ဝါးပျောက်ကွယ်သွားပါလိမ့်မယ်။
လက်မလျှော့ဘဲ ခေါင်းမာမာနဲ့ အမြဲရပ်တည်နေခြင်းဟာ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ဒါပေမယ့်လည်း လက်မလျှော့တမ်း ဆက်တွန်းကြိုးစားလိုက်လို့ ဘဝလမ်းကြောင်းတွေ ပြောင်းသွားတာတွေလည်း ရှိပါတယ်။ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တဲ့ အရာတစ်ခုကို အဆုံးထိ လုပ်ဆောင်သွားသူတွေကတော့ ရှုံးခဲ့ရင်တောင် နောင်တကင်းကင်းနဲ့ နေထိုင်သွားနိုင်မှာပါ။ ဒီတော့ လက်လျှော့ချင်စိတ်ဖြစ်လာရင် လက်မခံဘဲ တွန်းလှန်ဖို့ နည်းလမ်းတစ်ချို့ ပေးချင်ပါတယ်။
(၁) ဘာကြောင့် ဒါကို စတင်ခဲ့သလဲ ပြန်သတိရပါ
Photo: Freepik
တစ်ခါတစ်လေမှာ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အကောင်အထည်ဖော်နေရင်းနဲ့ အားလုံး သိမ်းကြုံးလုပ်နေရတဲ့ အခါမျိုးမှာ သင့်ရဲ့ မူလရည်မှန်းချက်ပျောက်သွားသလို ဖြစ်တတ်ပါတယ်။ အခုလုပ်နေတဲ့ အရာတွေဟာ ဘယ်ရည်ရွယ်ချက်နဲ့ ဘာအတွက် လုပ်နေတယ်ဆိုတာကို မေ့သွားရင် ဆုံးရှုံးမှုတွေနဲ့ ကြုံချိန်မှာ အလွယ်တကူလက်လျှော့မိသွားတတ်ပါတယ်။
သင့်ရည်မှန်းချက်ကို မေ့ပျောက်မသွားဖို့ တစ်နေ့ကို တစ်နာရီလောက် စိတ်အေးလက်အေးနဲ့ အချိန်ပေးပြီး ပြန်တွေးတော/သုံးသပ်မှု လုပ်ပါ။ တာထွက်လာတဲ့ အချိန်ကနေဆို အခု တိုးတက်လာနေပြီလား ။ သင်ဘယ်လောက်အထိ ရောက်လာနေပြီလဲ ။ ကိုယ့်ရဲ့ စိတ်ခွန်အားကို အင်ဂျင်တစ်လုံးလို ပြန်နှိုးပေးနေဖို့ လိုပါတယ်။
(၂) အောင်မြင်သူတွေအကြောင်း ဖတ်ရှုပါ
Photo: Unsplash
အပြင်လောကမှာ အောင်မြင်နေသူတွေနဲ့ တွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်ပဲ တကယ်အောင်မြင်ခဲ့သူတွေရဲ့ မှတ်တမ်းကို ပြန်ဖတ်ရှုလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ခါတစ်လေမှာ ရှေ့ဆက်ရမယ့်ခရီးအတွက် သတ္တိ ၊ အင်အားနဲ့ ဉာဏ်ပညာလိုတဲ့အခါ အောင်မြင်သူတို့ အတ္ထုပ္ပတ္တိတွေ ဖတ်တာက လမ်းကြောရှာဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။
(၃) အောင်မြင်ဖို့ သိပ်နီးကပ်လာလို့လည်း ဖြစ်နိုင်တယ်ဆိုတာ သိထားပါ
Photo: iStock
လူမှုကွန်ရက်မှာ စိန်တွင်းတူးတဲ့ လူတစ်ယောက်အကြောင်း သရုပ်ဖော်ပုံလေးတွေ မြင်ဖူးကြမှာပါ။ တွင်းနက်နက်ထဲ တူးလာရင်းနဲ့ ခြေကုန်လက်ပန်းကျလာပြီး တွင်းကို ဆက်မတူးဘဲ ပြန်လှည့်လာခဲ့တဲ့ ပုံလေး ဖြစ်ပါတယ်။ နောက်ထပ် သူ့တူရွင်းနဲ့ ၄-၅ ချက်လောက် တူးလိုက်တာနဲ့ အဖိုးမဖြတ်နိုင်တဲ့ စိန်တွင်းကို ဖွင့်ပြီးသားဖြစ်ပေမယ့် သူ့ရဲ့ လက်လျှော့မှုကြောင့် ချမ်းသာခြင်းလမ်းကို ရောက်မသွားတဲ့ ပုံဥပမာပါ။
ဒီအတိုင်းပါပဲ။ သင်ဝါယမစိုက်ပြီး ကြိုးစားလာတဲ့ အရာနဲ့ သိပ်နီးလာလေလေ ပိုခက်ခဲလေလေပါပဲ။ လက်လျှော့ခါနီးတိုင်း အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်လို့ တွေးပေးပါ။ ဘယ်သူမှ အောင်မြင်မှုနဲ့ ဘယ်လောက် နီးနေပြီလဲ ကြိုမသိနိုင်ပေမယ့် လက်လျှော့လိုက်ရင်တော့ ဝေးသွားပြီဆိုတာ သေချာသွားပြီ ဖြစ်ပါတယ်။
(၄) သက်သေပြပါ
Photo: Freepik
သင်အလေးအနက် မက်ခဲ့တဲ့ အိပ်မက်က အလကားမဟုတ်ကြောင်း သင့်ကိုယ်သင်ရော သင့်ကို တားမြစ်ပြစ်တင်ခဲ့သူ/တိုက်တွန်းချီးမွမ်းခဲ့သူ အားလုံးကိုပါ သက်သေပြပါ။ မဖြစ်နိုင်ဘူးလို့ ပြောကြတဲ့ စကားလုံးတွေကို အဓိပ္ပါယ်ပြောင်းဖို့ လုပ်ပြလိုက်ပါ။ အောင်မြင်တဲ့လူ အများစုဟာ ခေါင်းမာပါတယ်။ သင်လည်း တစ်ခါတစ်လေမှာ ခေါင်းမာနေဖို့ လိုပါတယ်။
(၅) သင့်ကိုယ်သင် ယုံကြည်နေပါ
Photo: Freepik
ယုံကြည်စွဲမြဲနေမှုဟာ သင့်ပန်းတိုင်ဆီ သွားဖို့ အရေးပါတဲ့ ယာဉ်တစ်ခု ဖြစ်ပါတယ်။ အခုလာခဲ့တဲ့ ခရီးအစမှာ သင့်ကိုယ်သင် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သလိုမျိုး သင့်အနာဂါတ် ဝေဝါးအားနည်းချိန်မှာလည်း ဆက်ပြီး ယုံကြည်နေရပါမယ်။ ဒီနေရာအထိ ရောက်လာခဲ့ပြီးနောက် သင့်ကိုယ်သင် မယုံကြည်တော့ရင် ဒီကရှေ့ ဆက်ပြီး တိုးတက်ဖို့ မလွယ်ပါဘူး။
ယုံကြည်မှုမြဲမြံဖို့ သင်ဖြတ်သန်းခဲ့တဲ့ ခရီးနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ပြန်ကြည့်ပါ။ ပြင်ဆင်ရမယ့် လုပ်ထုံးလုပ်နည်းနဲ့ ထပ်ပြီး အသစ်လုပ်ဆောင်ရမယ့် အရာတွေကို အာရုံစိုက်ပါ။ သင့်ထက် ခက်ခဲတဲ့ အခြေအနေမှာတောင် အောင်မြင်နေတဲ့သူတွေ ရှိသေးတယ်ဆိုတာ သိထားပါ။ အရေးကြီးတာက လွယ်လွယ်နဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားသွားဖို့ပါပဲ။