ကျန်းမာချင်ရင် အပင်ပန်းခံရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ရာမှာ ကိုယ်မလုပ်ချင်တာတွေလည်း လုပ်ဖို့ လိုရင် လုပ်ပြီး စိတ်ရောလူပါ အပင်ပန်းခံ လုပ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရွှင်လန်းမှ ကိုယ်ဖြစ်ချင်/လုပ်ချင်တာတွေ ဖြစ်နိုင်/လုပ်နိုင်မှာ မဟုတ်လား။ ဒီတော့ ကျန်းမာဖို့အတွက် မဖြစ်မနေ လုပ်ပေးဖို့ လိုတဲ့အချက်တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ရေအေးအေး ချိုးပါ

Shower

Photo: Unsplash

ရေချိုးပျင်းတတ်သူတွေအဖို့ ရေချိုးဖို့ဆိုတာကလည်း အလုပ်တစ်ခုလိုပါပဲ။ ရေအေးအေးချိုးတာဟာ ခန္ဓာကိုယ်က မကောင်းတဲ့အဆီတွေ လောင်ကျွမ်းစေပါတယ်။ အအေးဓါတ် ဝင်လာချိန်မှာ ခန္ဓာကိုယ် နွေးဖို့ ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းတာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက်က Cold Shower ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာကြောင့် အဖျားအနာ နည်းစေသလို စိတ်ဖိစီးမှုအတွက်လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

(၂) ဖုန်းသုံးတာ လျှော့ပါ

Smartphone

Photo: Unsplash

ဒီနေ့ခေတ်မှာ စမတ်ဖုန်းသုံးသူတိုင်းလိုလို ဖုန်းရဲ့ ဆွဲဆောင်မှုကို ရှောင်လွှဲရခက်လာပါတယ်။ ဖုန်းမသုံးရမှာကို သေမလောက် ကြောက်တဲ့ Nomophobia စိတ်ပြဿနာတွေကလည်း မြင့်လာပါတယ်။ ဖုန်းသုံးခြင်းဟာ အာရုံစူးစိုက်မှုနဲ့ အလုပ်လုပ်နိုင်စွမ်းကို ကျဆင်းစေတဲ့အပြင် အိပ်စက်မှုနဲ့ လူမှုဆက်ဆံရေးပါ ထိခိုက်စေနိုင်တာ သတိပြုသင့်ပါတယ်။

(၃) မနက်စောစော ထပါ

Clock

Photo: Unsplash

မနက်ပိုင်း အိပ်ရာစောစော ထတဲ့အကျင့်က သင့်ကို စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ မနက်စောစော ထဖြစ်တော့ မနက်စာကောင်းကောင်း စားဖြစ်ပါတယ်။ မနက်စာ စားဖြစ်ခြင်းဟာ ကျန်းမာရေးအကျိုးများတဲ့ အကျင့်ဖြစ်ပါတယ်။ မနက်ဘက် အချိန်ရတုန်းလေး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေသောက်သုံးမှု ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်မှုတွေလည်း လုပ်ဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာက ထတဲ့အကျင့် မွေးပါလို့ ပြောချင်ပါတယ်။

(၄) အနားယူပါ

Rest

Photo: Unsplash

ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းချင်ရင် ကောင်းကောင်း အနားယူတတ်ဖို့ လိုပါတယ်။ အခုခေတ်လို စိတ်ရှုပ်စရာတွေ များလှတဲ့ ခေတ်မှာ အချိန်ကောင်းကောင်း ယူပြီး ထိထိရောက်ရောက် အနားယူပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အနားယူတယ်ဆိုတာ အလုပ်နဲ့ အပြင်ဘဝ ဟန်ချက်မျှအောင် နေထိုင်တာပါ။ ဒီလို နေထိုင်ခြင်းအားဖြင့် စိတ်ဖိစီးမှုအဖြစ်နည်းပြီး ပိုမိုကျန်းမာတဲ့ဘဝကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : blitzd magazine