တက်တူးဆိုတာ ခန္ဓာကိုယ်ပေါ်မှာ ထိုးပြီးသွားတာနဲ့ တစ်သက်လုံး ထင်ကျန်သွားမယ့် အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ သင်နဲ့သင့်ချစ်သူက တစ်သက်လုံး လက်တွဲသွားမယ်ဆိုရင်တော့ နှစ်ကိုယ်တူအချစ်ကို သက်သေတည်တဲ့အနေနဲ့ စုံတွဲတက်တူးလေး ထိုးကြည့်လိုက်ပါ။

စုံတွဲတက်တူးထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

သင်တို့နှစ်ယောက်က တစ်သက်လုံး လက်တွဲသွားမယ်ဆိုတာ သေချာမှ တက်တူးထိုးသင့်ပါတယ်။ သင်တို့ထဲက တစ်ယောက်ယောက်က မျက်နှာများတဲ့သူဆိုရင် စုံတွဲတက်တူး မထိုးသင့်ပါဘူး။ ကံမကောင်း အကြောင်းမလှလို့ပဲဖြစ်ဖြစ်၊ ဖူးစာမပါလာလို့ပဲဖြစ်ဖြစ် လမ်းခွဲရမယ်ဆိုရင် ထိုတက်တူးက သင့်အတွက်ရင်နာစရာဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်လို့ပါပဲ။

သူမ အကြိုက်ကို ဦးစားပေးပါ။

စုံတွဲတက်တူးထိုးမယ်ဆိုရင် သင့်စိတ်ကြိုက်ကိုပဲ ဦးစားပေးထိုးလို့မရပါဘူး။ သင်က နဂါးပုံတွေ၊ ကျားပုံတွေ ထိုးချင်ပေမယ့် သူမက အဲ့ဒီလို အမိုက်စားတက်တူးတွေ ကြိုက်တာမဟုတ်ဘဲ ချစ်စရာကောင်းတဲ့တက်တူးလေးတွေပဲ ကြိုက်ချင်လည်း ကြိုက်နေမယ့်သူပါ။ ပြောလို့မရပါဘူး။ သူမက ဘယ်လိုပုံလေးတွေ ကြိုက်တာလဲ။ အမိုက်စားလား၊ အလန်းစားလား၊ ချစ်စရာကောင်းတာလား စသည်ဖြင့် ကိုယ့်ချစ်သူရဲ့ အကြိုက်ကို သိထားဖို့ လိုအပ်ပါမယ်။ ကိုယ့်ဘာသာကို တက်တူးထိုးမယ်ဆိုရင်တော့ ဒီဇိုင်းအကြီးကြီးတွေ ထိုးလို့ရပေမယ့် သူမက တက်တူးသေးသေးလေးပဲ ထိုးချင်တယ်ဆိုရင်လည်း သင်တို့နှစ်ယောက် သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

နှစ်ယောက်စလုံးအတွက် အဓိပ္ပာယ်​ရှိတဲ့တက်တူးဖြစ်ရမယ်။

တက်တူးအကြီးကြီးသာ ထိုးထားတယ်၊ နှစ်ယောက်စလုံးအတွက် ဘာအဓိပ္ပာယ်မှ မဖော်ဆောင်နိုင်ဘူးဆိုရင် တက်တူးထိုးထားတာ အလကားဖြစ်သွားပါလိမ့်မယ်။ ဥပမာ သင်တို့နှစ်ယောက်ချစ်သူစဖြစ်တာ မတ်လ၊ ၇ ရက်နေ့ကဆိုရင် ၇ ဆိုတဲ့ ဂဏန်းလေးကို တက်တူးအဖြစ်ထိုးနိုင်သလို၊ လအမည်ရော၊ ခုနှစ်သက္ကရာဇ်အပြည့်အစုံထည့်လည်း ရပါတယ်။ အဓိကက နှစ်ယောက်စလုံးအတွက် အဓိပ္ပာယ်ရှိတဲ့တက်တူးဖြစ်ဖို့ပါပဲ။

ဒီအချက်လေးတွေ သိသွားပြီဆိုရင် စုံတွဲတက်တူးထိုးနိုင်ဖို့ အိုင်ဒီယာကောင်းကောင်းနဲ့ စုံလင်တဲ့တက်တူးဒီဇိုင်းတွေကို တစ်ဆက်တည်းဖော်ပြပေးလိုက်ပါတယ်။


Source: tattoo-journal.com