အလုပ်ဇွဲကြီးသူ ၊ အလုပ်စွဲနေသူတွေမှာ Burnout လို့ ခေါ်တဲ့ ဘာကိုမှ ကောက်မကိုင်ချင်အောင် ဖြစ်တဲ့ ပြဿနာက များသထက် များလာနေပါပြီ။ လူပဲ စက်မှ မဟုတ်တာ။ နေ့တိုင်း အားသွန်ပြီး လုပ်ရ ကိုင်ရတာ နှစ်ပေါက်လာပြီဆိုရင် တစ်ခုခုတော့ ဖောက်လာတာပါပဲ။ Burnout ဖြစ်လာရင်အနားယူဖို့ ပြောကြပါတယ်။ ဒီဆောင်းပါးမှာ Burnout မဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို အဓိက ဦးတည်ပြီး ဖော်ပြသွားမှာပါ။

Tired young attractive man sleeps at work place

Source : Freepik

(၁) အလုပ်ကို အလွန်အကျွံ မလုပ်ဖို့ဘဲ ပြောချင်တာပါ။ အလုပ်မကြိုးစားနဲ့ ပြောတာ မဟုတ်ပါဘူး။ Burnout မဖြစ်ဖို့အတွက် စမတ်ကျတဲ့ အလုပ်လုပ်မှု ပုံစံတစ်ခု လိုပါတယ်။ အရေးမပါတာတွေကို ကိုယ့်ရဲ့ အလုပ်ချိန်ဇယားကနေ ဖယ်ထားပါ။ ဦးစားပေး စာရင်းလေး တို့ထားပြီး အလုပ်လုပ်ရင် အလုပ်လည်း တွင်သလို Burnout လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

(၂) အခု ဒီဆောင်းပါးကို ဖတ်နေတဲ့ သင့်မျက်လုံးနဲ့ ဖတ်နိုင်တဲ့ အသိဉာဏ်ကို အရင်ဆုံး ကျေးဇူးတင်လိုက်ပါ။ တစ်နေ့တာလုံးမှာ ရှာကြံပြီး ကျေးဇူးတင်လို့ ရတာတွေမှ အများကြီးပါပဲ။ ပေါ်လီယာနာလို ပျော်စရာ ဂိမ်းဆော့သလိုမျိုး ကျေးဇူးတင်တတ်တဲ့ ဂိမ်းကစားပေးလိုက်ပါ။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီးတိုင်း ၊ အလုပ်တစ်ခုခု ကိုယ်လုပ်လိုက်လို့ အထမြောက်တိုင်းမှာ ကိုယ့်ကိုယ်ကို ဆုတစ်ခု ရလိုက်သလို ကျေးဇူးတင်တတ်ပါစေ။ အဓိကကတော့ ပျော်တတ်ဖို့ပါ။

(၃) ကိုယ်ဘာကြောင့် အလုပ်လုပ်နေတယ်။ ဘာကြောင့် ဒီနေရာကို ရောက်နေတယ်ဆိုတာကို သတိရပေးပါ။ အောင်မြင်သူတွေမှာ အားသွင်းပြီး လုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ကိုယ့်ကို အလုပ်မှာ ပျော်စေဖို့ Charging တစ်မျိုးကို ခဏတိုင်း သတိရပါ။

Frustrated millennial businessman having strong headache tired from laptop work

Source : Freepik

(၄) ဘာသာရေး ဆန်ပေမယ့် တကယ်လက်တွေ့ကျတဲ့ ငြိမ်းချမ်းနည်းတစ်ခုက တရားထိုင်တာပါ။ တကယ်လည်း အနားကောင်းကောင်း ရသလို စိတ်လည်း အေးချမ်း ၊ အလုပ်လည်း ခရီးရောက်စေပါလိမ့်မယ်။ မနက်တစ်ခါ ၊ ညပိုင်းတစ်ခါ နေ့တိုင်း ပုံမှန် တရားထိုင်တဲ့အလေ့ဟာ အသက်ကြီးလာတဲ့အထိ အကျိုး ရှိနေမှာပါ။

(၅) ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ဖို့အတွက် သတိပေးမှုတစ်ခုက ဒီနေ့က နောက်ဆုံး ဖြစ်သွားနိုင်တယ်ဆိုတဲ့ အတွေးပါ။ ဒီအတွေးက ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ၊ ကိုယ့်ဘဝကို ပိုပြီး တောက်ပြောင်အောင် ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ မတန်တဲ့ အလုပ်လုပ်ရင်း သေသွားမလား ၊ ဘဝမှာ ထူးခြား ပြောင်မြောက်ပြီး လောကအကျိုး ကိုယ့်အကျိုး ရှိတာကို လုပ်ပြီး သေသွားမလားကို နေ့တိုင်း နှလုံးသွင်းသင့်ပါတယ်။

ဒါဆိုရင် Burnout ကင်းဝေးပြီး အေးချမ်းပျော်ရွှင်စွာနဲ့ နေ့စဉ် အလုပ်ခွင် ဝင်နိုင်မှာ ဖြစ်ပါတယ်။