ယောင်္ကျားလေးတွေနဲ့ ပတ်သက်လို့ မိန်းကလေးတွေအကြိုက်တွေ့ကြတယ်ဆိုတဲ့ တချို့အရာတွေက ထူးဆန်းပါတယ်။ တစ်ခါတလေ မိန်းကလေးတွေ စိတ်ကို ဆွဲဆောင်နိုင်တဲ့အရာတွေက သိပ်ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး။ အခုပြောမယ့် အချက်တွေဆို မိန်းကလေးအများစု သဘောကျကြတယ်လို့ သိပ္ပံနည်းကျသုတေသနတွေက ပြောထားကြပါတယ်။
(၁) ပေါ့ပေါ့ပါးပါး ဟန်နဲ့ ဝတ်စားတာ

Photo: Freepik
နက်ခ်တိုင်ကို လျော့တိလျော့ရဲ ချည်ထားတဲ့ အနေအထားဟာ သင့်ရဲ့ ဆွဲဆောင်မှုကို မြှင့်တင်ပေးတဲ့ ရိုးရှင်းပြီး ထူးခြားတဲ့ အချက်တစ်ခုလို့ ဆိုပါတယ်။ နက်ခ်တိုင် ခပ်လျော့လျော့နဲ့ အိမ်ပြန်လာတဲ့ အမျိုးသားတွေကို တွေ့ရတာ အမျိုးသမီးတွေအတွက် အထင်ကြီးစရာနဲ့ စိတ်ဝင်စားစရာဖြစ်တတ်တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် အလုပ်ကြိုးစားတဲ့သူအဖြစ် အထင်ကြီးပြီး သူတို့ စိတ်ထဲမှာ Sexy ကျသွားတာလည်း ဖြစ်နိုင်ပါတယ်။
နက်ခ်တိုင် ခပ်လျော့လျော့စည်းထားသလိုပဲ ရှပ်လက်ရှည်ကို တံတောင်ဆစ်နားအထိ ခေါက်တင်ထားပြီး ဝတ်တတ်သူတွေကိုလည်း အမျိုးသမီးတွေက နှစ်သက်ကြပါတယ်တဲ့။ နောက်ထပ် အမျိုးသမီးတွေ သဘောကျကြတာက အဖြူရောင် ဗြောင် T-Shirt ဝတ်တာမျိုး ဖြစ်ပါတယ်။ Telegraph က ထုတ်တဲ့ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ မိန်းကလေးတွေ အမြင်မှာ အဖြူရောင် T-Shirt ဝတ်တဲ့ ယောင်္ကျားတွေဟာ ပျမ်းမျှအားဖြင့် ဆွဲဆောင်မှု ၁၂% ပိုမြင့်တယ်လို့ ခံစားရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
(၂) နူးညံ့တဲ့ အကြည့်နဲ့ နှစ်လိုဖွယ် စကားပြောဆိုတတ်တာ

Photo: Freepik
အကြည့်တွေဟာ လူရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းရှိပါတယ်။ နူးညံ့ပြီး အသက်ဝင်နေတဲ့ အကြည့်တွေက တသိမ့်သိမ့် အမှတ်ရစရာ ဖြစ်ကျန်နေတတ်ပါတယ်။ မိန်းကလေးတွေ တိတ်တခိုး တောင့်တမိတဲ့ အရာတွေထဲမှာ နူးညံ့တဲ့ မျက်လုံးရွဲကြီးတွေ Soft Eyes တွေလည်း ပါပါတယ်။
အကြည့်တွေလိုပဲ ချစ်ခင်စွဲလမ်းဖွယ် ပြောဆိုတဲ့ အသံနဲ့ ဟန်ဟာ လူတွေ တသသ သတိရစရာ ဖြစ်တတ်ပါတယ်။ စိတ်နှလုံး သိမ်မွေ့တဲ့ မိန်းကလေးတွေအတွက် ယောင်္ကျားတစ်ယောက်ရဲ့ လှိုက်လှဲတဲ့စကားသံဟာ မငြင်းဖယ်နိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိနေတာပါပဲ။ ကြင်နာတဲ့ အပြုအမူတွေဟာ ဘယ်တော့မှ မေ့စရာဖြစ်မသွားဘူးဆိုတာ သတိရသင့်ပါတယ်။
(၃) သင်းပျံ့တဲ့ ရနံ့တစ်ခုနဲ့ နေတတ်တာ

Photo: Freepik
ရနံ့တွေဟာ လူတစ်ယောက်ရဲ့ လက်မှတ်လိုပါပဲ။ ကိုယ်ပိုင် အမှတ်လက္ခဏာဆောင်ပြီး အဓိပ္ပါယ်တစ်ခု ပေးစွမ်းနိုင်ပါတယ်။ ရေမွှေးနံ့ ၊ Lotion နံ့ ၊ ခရမ်နံ့ ကနေ ရေချိုးဆပ်ပြာနံ့အထိ ရနံ့တွေဟာ အမှတ်ရစရာတစ်ခုအဖြစ် ချန်ထားနိုင်စွမ်းရှိပါတယ်။ ဆွဲဆောင်မှုရဲ့ လျှို့ဝှက်ချက်တွေထဲမှာ ယောင်္ကျားဆန်ပြီး လတ်ဆတ်သင်းပျံ့တဲ့ ရနံ့သုံးခြင်းလည်း ပါဝင်ပါတယ်။
ရေမွှေးနံ့တွေလိုပါပဲ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်တာကလည်း လူကို အကြည်ဓါတ်ဖမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ရေမိုးချိုးပြီး သန့်သန့်ပြန့်ပြန့်နေပါ။ ဆံပင် ၊ လက်သည်းတွေလည်း သန့်ရှင်းအောင် ထားပါ။
(၄) ဟိုဟာဒီဟာ ပြင်တတ်တာ

Photo: Freepik
ပစ္စည်းတစ်ခုခု ပျက်ရင် Service သမားခေါ်စရာမလိုဘဲ ကိုယ်တိုင် ဝင်ကလိတတ် ၊ ပြင်တတ်ပြုတတ်တဲ့ ယောင်္ကျားတွေကလည်း အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာ Attraction ရှိတဲ့ ယောင်္ကျားတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေ တတ်ထားသင့်တဲ့ Skills တွေထဲမှာ တော်ရုံလူသုံးကုန်ပစ္စည်း ပျက်တာလောက်ကို ပြင်တတ်တဲ့ Skills တွေလည်း ပါပါတယ်။ ဟိုဟာဒီဟာ အကူအညီတောင်းလို့ရတဲ့ Get Handy Man တွေကလည်း မိန်းကလေးတွေ ကျ,တဲ့ အမျိုးသားစာရင်းမှာ ထည့်ထားရမှာ ဖြစ်ပါတယ်။
