ဖေဖော်ဝါရီလထဲကိုလည်းရောက်လာပြီဆိုတော့ မကြာခင်မှာ ချစ်သူများနေ့ကိုဖြတ်သန်းကြမယ့် စုံတွဲတွေအတွက်အထူးရင်ခုန်စိတ်လှုပ်ရှားနေကြမယ်ထင်ပါတယ်။ဒါပေမယ့် ဒီဆောင်းပါးလေးကိုဖတ်နေတဲ့သင်ဟာ ချစ်သူမရှိသေးတဲ့ တစ်ကိုယ်တည်းသမားလေးဆိုရင်လည်း စိတ်ဓာတ်မကျလိုက်ပါနဲ့။ V Day မှာချစ်သူမရှိလည်း တစ်ကိုယ်တည်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရပါတယ်။

(၁) ရုပ်ရှင်ကြည့်ပါ

Source : Shutterstock

V Day မှာတစ်ယောက်တည်းလာလို့ လက်မှတ်မရောင်းတဲ့ ရုပ်ရှင်ရုံမရှိပါဘူး။တစ်ယောက်တည်းလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ရုပ်ရှင်ကြည့်ပြီး V Day ကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းလို့ ရပါတယ်။အကောင်းဆုံးကတော့ ဟာသဇာတ်မြူးကားလေးတွေကြည့်ပါ။ရယ်မောခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။ဒါကြောင့် V day မှာ ရုပ်ရှင်ကြည့်ခြင်းက တစ်ကိုယ်တည်းဖြတ်သန်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၂) တစ်ကိုယ်တော်ပါတီကျင်းပပါ

Source : Shutterstock

တစ်ကိုယ်တော်ပါတီပွဲလေးက အထီကျန်ဆန်တယ်လို့ ထင်ရပေမယ့် တကယ်တော့ကြည်နူးစရာပျော်စရာအခိုက်အတန့်တွေ အများကြီးပေးစွမ်းပါတယ်။အခန်းမီးရောင်ကိုမှိန်မှိန်လေးထားပြီး ကိုယ်ဘဝမှာအကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ စားသောက်စရာတွေကိုပြင်ဆင်ပါ။အကြိုက်နှစ်သက်ဆုံးသီချင်းလေးကိုဖွင့်ပြီး တစ်ယောက်တည်းအေးချမ်းတဲ့ ပါတီလေးကို ဖန်တီးလို့ရနိုင်ပါတယ်။

(၃) ချစ်တဲ့သူတွေကိုလက်ဆောင်ပေးပါ

Source : Shutterstock

V day မှာ ချစ်သူရည်းစားမှမဟုတ်ပါဘူး ကိုယ်ရဲ့မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လုပ်ငန်းခွင်ထဲကလုပ်ဖော်ကိုင်ဖက်တွေကိုလည်း လက်ဆောင်လေးတွေပေးလို့ရပါတယ်။ငွေကုန်ကြေးကျအရမ်းလည်းမများပဲ အမှတ်တရဖြစ်စေမယ့် Handmade ပစ္စည်းသေးသေးလေးတွေ ချောကလက်တွေ စသည်ဖြင့်လက်ဆောင်ပေးနိုင်ပါတယ်။လက်ဆောင်ပေးတယ် ဆိုတာကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်သလို ချစ်ခြင်းမေတ္တာကိုလည်းထုတ်ဖော်ပြသရာရောက်ပါတယ်။

(၄) မဆုံတာကြာတဲ့သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

Source : Shutterstock

သူငယ်ချင်းတွေဆိုတာကလည်းဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးပါတဲ့သူတွေဖြစ်ပါတယ်။အလုပ်တွေကျောင်းတွေကြောင့် မတွေ့ဆုံဖြစ်တဲ့သူငယ်ချင်းတွေရှိရင် V Day မှာချိန်းလိုက်ပါ။သူငယ်ချင်းတွေနဲ့ တစ်နေ့တာကိုအချိန်ပေးပြီ ပျော် ရွှင်စွာဖြတ်သန်းနိုင်ပါတယ်။ကျောင်းတုန်းကအမှတ်တရတွေ ပြန်ပြောကြမယ် သီချင်းဆိုမယ် မုန့်စားမယ်စသည်ဖြင့် ပျော်စရာကောင်းတဲ့အရာတွေအများကြီးလုပ်ဆောင်နိုင်ပါတယ်။