ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၇၅ သန်းလောက်ဟာ စိုးရိမ်ကြောင့်ကြစိတ်တွေ ဖိစီးနေတယ်လို့ ဆိုပါတယ်။ သောကဗျာပါဒစိတ်တွေအပြင် နိစ္စဒူဝစိတ်ဖိစီးနေတာကိုပါ ထည့်တွက်ရင် ကမ္ဘာပေါ်မှာ လူသန်းထောင်နဲ့ချီပြီး Stress ပိနေတယ်လို့ ဆိုရမှာပါ။ ကုထုံးပညာရှင်တွေကတော့ စိတ်ဖိစီးမှုကို ရေရှည်အဖြေရှာမှုအပြင် အမြစ်မတွယ်ခင် သက်သာအောင် ကုသနိုင်မယ့် နည်းတချို့ကိုပါ လက်ဆင့်ကမ်းပေးထားပါတယ်။

(၁) ပလုတ်ကျင်းခြင်း

Gargling

Photo: Brightside Me

စိတ်ရှုပ်နေပြီ ၊ ဗျာများနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေရင် ရေတစ်ဖန်ခွက်ယူပြီး ပလုတ်ကျင်းကြည့်ပါ။ ပလုတ်ကျင်းတာဟာ ဦးနှောက်ဆီရောက်လာတဲ့ စိတ်ရှုပ်ထွေးမှုနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ထိန်းညှိပေးတဲ့ Vagus Nerve ကြောတွေ လှုံ့ဆော်ပေးနိုင်လို့ ဖြစ်ပါတယ်။ ဒီအာရုံကြောလေးတွေကို နှိုးဆွပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတုံ့ပြန်ချက်တွေ နှေးကွေးလာပြီး စိတ်သက်သာရာရလာစေနိုင်ပါတယ်။ Vagus Nerve ကို သီချင်းဆိုတာ ၊ ရယ်မောတာတွေကလည်း လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။

(၂) လိပ်ပြာပုံစံ ပွေ့ဖက်ခြင်း

The butterfly hug

Photo: Brightside Me

Butterfly Hug လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထွေးပွေ့တဲ့နည်းကလည်း စိတ်ဖိစီးမှုကို သက်သာရာရစေနိုင်ပါတယ်။ နည်းလမ်းကတော့ လက်နှစ်ဖက်ကို ပခုံးနှစ်ဖက်မှာ ကြက်ခြေခတ်အုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ဘယ်လက်က ညာပခုံး ၊ ညာလက်ဖဝါးက ဘယ်ပခုံးကို ဆုပ်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် ထွေးပွေ့ထားတဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒီအနေအထားမှာပဲ ကိုယ့်ကိုယ်ကိုယ် သိနေပြီးအသက်ရှုနှုန်းကို လျှော့ချသွားရမှာပါ။

(၃) သက်ပြင်းကြာကြာမှုတ်ထုတ်ခြင်း

Exhaling for longer

Photo: Brightside Me

Vagus Nerve ကြောတွေ ဖွင့်ဖို့အတွက် နောက်တစ်နည်းက ဖြည်းဖြည်းချင်း အသက်ရှုပြီး ကြာကြာ ရှုထုတ်ကြည့်တဲ့နည်းပဲ ဖြစ်ပါတယ်။ နှာခေါင်းကနေ တစ်ဆင့် သက်ပြင်းတွေ ဖြည်းဖြည်းချင်း မှုတ်ထုတ်ကြည့်ခြင်းကနေလည်း စိတ်ဖိစီးမှုကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။

အသက်ရှုထုတ်တဲ့ ကြာချိန်ဟာ အသက်ရှုသွင်းချိန်ရဲ့နှစ်ဆရှိဖို့ လိုပါတယ်။ အချိုးအဆအတိုင်းဆို အသက်ရှုမှုကြာချိန် ၄ စက္ကန့် ၊ ရှုထုတ်ချိန် ၈ စက္ကန့် ဖြစ်တာ အကောင်းဆုံးပါပဲ။ အသက်ရှုထုတ်ချိန်မှာ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးတွေ မှုတ်တော့မလိုမျိုး နှုတ်ခမ်းတွေကို ဝိုင်းနေအောင် စုထားပေးဖို့လည်း အကြံပေးချင်ပါတယ်။

(၄) ရေခဲတုံးတွေ ကိုင်ထားခြင်း

Holding an ice cube

Photo: Brightside Me

တစ်ခုခု အထိတ်တလန့်ဖြစ်စရာ ကြုံလာရင် သက်သာစေတဲ့ လှည့်ကွက်ထဲမှာ ရေခဲတုံးကို လန့်နေတဲ့လူရဲ့ လက်ထဲ ထည့်ပေးထားတာလည်း ပါပါတယ်။ တတ်နိုင်သမျှ ကြာကြာကိုင်ထားပြီး သိပ်အေးလာမှ နောက်တစ်ဖက်နဲ့ ပြောင်းကိုင်ရမှာပါ။ ဒီနည်းက အာရုံပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။

(၅) တစ်ဆင့်ချင်း ကြွက်သားကြောတွေ ဖြေလျှော့ခြင်း

Progressive muscle relaxation

Photo: Brightside Me

ဒီနည်းလမ်းက တစ်ကိုယ်လုံးမှာ ရှိတဲ့ တင်းမာတောင့်ခဲနေတဲ့ ကြွက်သားတွေကို တစ်ပိုင်းချင်းစီ လိုက်ပြီး အကြောလျှော့လိုက်တာပါ။ ကိုယ်ခန္ဓာရဲ့ ဘယ်အပိုင်းမှာ တင်းနေသလဲဆိုတာပါ သိအောင် ကူညီပေးပါတယ်။ ခြေထောက်က စကြည့်ရအောင်ပါ။
အရင်ဆုံး ခြေချောင်းလေးတွေကို ခြေထောက်အောက် ကုပ်နိုင်သမျှ ကုပ်ထားပါ။ ၁၀ စက္ကန့်လောက်ကြာမှ ပြန်ဖြန့်လိုက်ပါ။

ပခုံးနှစ်ဖက်ကို နားရွက်တွေနဲ့ ထိလုမတတ် ရနိုင်သလောက် မြှင့်ထားပြီး ၁၀ စက္ကန့်အထိ ညှစ်ပြီး မြှင့်ထားပါ။ မျက်နှာဆိုရင်တော့ အတွင်းဘက်ကို ဦးတည်ပြီး မျက်နှာအစိတ်အပိုင်းတွေကို ရှုံ့ထားကြည့်ပါ။ သူလည်း ၁၀ စက္ကန့်ကြာမှ ဖြေလျှော့လိုက်ပါ။ ဒီလေ့ကျင့်ခန်းလေးတွေက ယာယီစိတ်ဖိစီးမှုကို ရင်ဆိုင်ရာမှာ ထိထိရောက်ရောက် အကူအညီပေးနိုင်ပါလိမ့်မယ်။